#WorldPolitics
Published - 2 February 2022
အမေရိကန်တို့က စစ်ပွဲဖြစ်လာစေရန် ရည်ရွယ်ချက်ရှိရှိ ဖန်တီးလုပ်ကြံနေပြီး ယူကရိန်းအရေးနဲ့ပတ်သက်၍လည်း ရုရှားရဲ့လုံခြုံရေးကိစ္စရပ်များကို လျစ်လျူရှုထားကြောင်း ရုရှားသမ္မတ'ဗလက်ဒီမီယာပူတင်'က အနောက်နိုင်ငံကို အင်္ဂါနေ့က စွပ်စွဲပြောကြားလိုက်ပါတယ်။

၆ ပတ်နီးပါးကြာမြင့်နေပြီဖြစ်တဲ့ ယူကရိန်းအရေးကိစ္စတွင် ပူတင်က ပထမဆုံးလူသိရှင်ကြားကြေညာချက်ကို တိုက်ရိုက်ပြောဆိုခဲ့ရာမှာ သူတောင်းဆိုထားတဲ့ လုံခြုံရေးကိစ္စရပ်တွေကို အလျှော့ပေးမယ့်ပုံမရှိကြောင်း ထင်သာနေပါတယ်။

ရုရှားတို့တောင်းဆိုထားတဲ့ ကိစ္စရပ်တွေဟာ သင့်လျော်ခြင်းမရှိဘဲ ကျူးကျော်မှုပြုလုပ်ဖို့ အကြောင်းပြချက်သက်သက်သာဖြစ်ကြောင်း အမေရိကန်တို့က သတ်မှတ်ခဲ့ပါတယ်။

ရုရှား-အမေရိကန်ပြဿနာ ကြီးထွားလာနေတာကြောင့် ကြားဝင်ဖြေရှင်းဖို့ကြိုးပမ်းနေတဲ့ နေတိုး(NATO)တပ်ဖွဲ့ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဟန်ဂေရီဝန်ကြီးချုပ်ဆီ အလည်အပတ်သွားရင်း မီဒီယာရှင်းလင်းပွဲတစ်ခုမှာ ပူတင်ပြောကြားခဲ့ရာမှာ "ရုရှားဘက်က တောင်းဆိုတဲ့ လုံခြုံရေးကိစ္စရပ်တွေက လုံးဝလျစ်လျူရှုခြင်းခံထားရတယ်ဆိုတာ ရှင်းနေပါပြီ" လို့ ဆိုခဲ့ပါတယ်။

ယူကရိန်းက နေတိုးအဖွဲ့ဝင်ဖြစ်လာမယ်ဆိုရင် ၂၀၁၄ ခုနှစ်က ရုရှားတို့ သိမ်းပိုက်ခဲ့တဲ့ ခရီမီယာကျွန်းဆွယ်ကို ယူကရိန်းတို့ပြန်လည်သိမ်းပိုက်ဖို့ ကြိုးပမ်းလာနိုင်ကြောင်း ပူတင်က ခန့်မှန်းပုံဖော်လိုက်ပါတယ်။

"ယူကရိန်းက နေတိုးအဖွဲ့ဝင်ဖြစ်လာပြီး စစ်ဆင်ရေးတွေ စတင်ပြုလုပ်လာပြီဆိုပါစို။ အဲဒီအခါကျရင် ကျုပ်တို့က နေတိုးအဖွဲ့ အစည်းကြီးနဲ့ စစ်ဖြစ်ရတော့မှာလား။ အဲဒီလိုတွေးမိတဲ့သူရှိလား" လို့ ပူတင်ကပြောကြားလိုက်ပါတယ်။
ယူကရိန်းနယ်စပ်မှာ ရုရှားစစ်အင်အား ၁ သိန်းကျော် နေရာချထားခြင်းကြောင့် ပူတင်အနေနဲ့ ကျူးကျော်မှုပြုလုပ်လာမှာကို အနောက်နိုင်ငံတွေက စိုးရိမ်နေကြပါတယ်။

ရုရှားဘက်ကတော့ ကျူးကျော်မယ့်အစီအစဉ်မရှိဘူးလို့ ငြင်းဆိုထားပေမယ့် လုံခြုံရေးတောင်းဆိုချက်တွေကို မလိုက်လျောဘူးဆိုရင်တော့ စစ်ရေးဆောင်ရွက်မှုတွေ ပြုလုပ်ရလိမ့်မယ်လို့ သတိပေးလိုက်ပါတယ်။
ရုရှားအနေနဲ့ မည်သည့်ကျူးကျော်မှုပြုလုပ်သည်ဖြစ်စေ ဒဏ်ခတ်ပိတ်ဆိုမှုတွေနဲ့ ရင်ဆိုင်ရမှာဖြစ်ကြောင်း အနောက်နိုင်ငံတွေက သတိပေးထားပါတယ်။

အခုပြဿနာအကျပ်အတည်းရဲ့ အရင်းအမြစ်က ၁၉၉၉ သဘောတူညီချက်အရ အခြားနိုင်ငံတွေအပေါ် အသုံးချပြီး ကိုယ်ပိုင်လုံခြုံရေးတောင့်တင်းအောင် ဆောင်ရွက်ခြင်းမပြုဖို့ ကို ရုရှားတို့ က အလိုရှိနေတာဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီး 'ဆာဂျီလက်ဗ်ရော့ဗ်'က ပြောကြားလိုက်ပါတယ်။

"သမ္မတပူတင်သာ စစ်ပွဲမဖြစ်ချင်ဘူးဆိုရင် စစ်တပ်တွေနဲ့ လက်နက်ကြီးတွေနေရာချထားတာကို တပ်ဆုတ်ပြီး အသေအချာဆွေးနွေးတိုင်ပင်ဖို အချိန်ကျပါပြီ" လို့ နိုင်ငံခြားရေးဌာနမှ အကြီးတန်းအရာရှိတစ်ဦးက သတင်းထောက်တွေကို ပြောကြားလိုက်ပါတယ်။

ရုရှားအခြေစိုက်စခန်းအချို့ရှိ ဒုံးကျည်လက်နက်အချက်အလက်တွေကို ရုရှားတို့မျှဝေထုတ်ဖော်ပေးပါက ရိုမေးနီးယားနဲ့ပိုလန်တို့ ရှိ နေတိုးအခြေစိုက်စခန်းတွေမှာ တော်မာဟော့ခ်ပဲ့ထိန်းဒုံးကျည်များ မထားရှိကြောင်း စစ်ဆေးနိုင်ဖို့ အမေရိကန်တို့ ဘက်က ဆွေးနွေးပေးသွားမှာဖြစ်ပါတယ်။

အိမ်ဖြူတော်နဲ့ နိုင်ငံခြားရေးဌာနတို့က မှတ်ချက်ပြုဖြေကြားပေးဖို့ကို ချက်ချင်းအကြောင်းမပြန်သေးပေမယ့် စစ်လက်နက်ထိန်းချုပ်ကန့်သတ်ရေးနဲ့ ရုရှားတို့ရဲ့ စိုးရိမ်မှုတွေအကြောင်းကိုသာ အမေရိကန်တို့ က ဆွေးနွေးဖို့ ကမ်းလှမ်းခဲ့ကြောင်း ခိုင်မာတဲ့သတင်းအရင်းအမြစ်က ဖော်ပြထားပါတယ်။
Source: Reuters

  #Yangon_Media_Group