#WorldHealth
Published - 02 February 2022


ကိုဗစ်ကပ်ရောဂါကို တိုက်ဖျက်နိုင်မယ့် ဆေးဝါးအဖြစ်သတ်မှတ်ခဲ့ဖူးတဲ့ မာ့ခ်ကုမ္ပဏီထုတ် ကိုဗစ်ကုသရေးသောက်ဆေးဟာ ထိရောက်မှုနည်းပြီး ဘေးကင်းစိတ်ချရမှုနည်းပေမယ့် အသက်အန္တရာယ်စိုးရိမ်ရတဲ့ ကိုဗစ်လူနာတွေအတွက် အသုံးပြုနိုင်တဲ့ ကုသနည်း ၄ မျိုးထဲက နောက်ဆုံးရွေးချယ်စရာဖြစ်ကြောင်း အမေရိကန်မှ ဆရာဝန်များ၊ ကျန်းမာရေးစောင့်ရှောက်မှုစင်တာများနဲ့ ဆေးဆိုင်များက ရိုက်တာသတင်းဌာနကို ပြောကြားလိုက်ပါတယ်။

မာ့ခ်ကုမ္ပဏီနဲ့အပြိုင်ဖြစ်တဲ့ ဖိုင်ဇာကုမ္ပဏီမှထုတ်လုပ်တဲ့ ပက်ဇ်လိုဗစ် (Paxlovid) ဆေးကို အသုံးပြုချင်သူတွေများနေပြီး သူ့နောက်မှာ GlaxoSmithKline နဲ့ Vir Biotechnology မှထုတ်တဲ့ အကြောသွင်း antibody ကုသနည်းလည်း ရှိနေပါတယ်။

အဆိုပါဆေးတွေ ထုတ်လုပ်ဖို့ရှားပါးခက်ခဲနေစဉ် အိုမီခရွန်ကူးစက်မှုကလည်း မြင့်တက်နေတဲ့အချိန်မှာတော့ Gilead Sciences မှထုတ်တဲ့ ရမ်ဒီဆီဗီယာ remdesivir ကို အသုံးပြုလာကြရပါတယ်။

ပြီးခဲ့တဲ့နှစ်နှောင်းပိုင်းမှာ မာ့ခ်ကုမ္ပဏီနဲ့ မိတ်ဖက် ရစ်ဂ်ျဘက်ဇီဝဆေးဝါးကုမ္ပဏီတိုက သူတိုထုတ်လုပ်တဲ့ မော်နျူပီရာဗီယာ ဆေးဝါးဟာ ဆေးရုံတက်ကုသခံယူရမှုကို တဝက်အထိလျှော့ချနိုင်ပြီး အိမ်မှာတင်သောက်သုံးနိုင်တဲ့ဆေးဖြစ်တာကြောင့် ကိုဗစ်ရောဂါကိုကုသအောင်မြင်နိုင်တော့မယ်လို့ အစက ကြေညာခဲ့ပါတယ်။

လက်တွေ့ကုသရာမှာတော့ ထိရောက်မှု ၃၀ ရာခိုင်နှုန်းသာရှိတဲ့အတွက် ဒီဆေးအပေါ် မျှော်လင့်ချက်တွေ လျော့နည်းခဲ့ရပါတယ်။
ပက်ဇ်လိုဗစ်ဆေးက ဆေးရုံတက်ကုသခံယူရမှုကို ၉၀ ရာခိုင်နှုန်း၊ GlaxoSmithKline ရဲ့ ဆိုထရိုဗီမက်က ၈၅ ရာခိုင်နှုန်းနဲ့ Gilead ရဲ့ ရမ်ဒီဆီဗီယာက ၈၇ ရာခိုင်နှုန်း အသီးသီးလျှော့ချနိုင်ကြောင်း ထွက်ပေါ်လာတဲ့အချိန်မှာတော့ မာ့ခ်ရဲ့ဆေးဟာ ပိုပြီးဆိုးရွားသွားခဲ့ပါတယ်။

အမေရိကန်လူမှုကျန်းမာရေးဝန်ဆောင်မှုဌာနရဲ့ အချက်အလက်တွေအရ ပက်ဇ်လိုဗစ်ဆေးပေါင်း ၂၆၅,၀၀၀ နဲ့ မော်နျူပီရာဗီယာ ၁၁ သန်းခန့် ဖြန့်ဝေထားပြီးဖြစ်ပါတယ်။
မာ့ခ်ကုမ္ပဏီရဲ့ဆေးဝါး သိန်းပေါင်းများစွာကို ဆေးရုံနဲ့ ဆေးဆိုင်တွေမှာ အသုံးမပြုဘဲကျန်နေကြောင်း အစောပိုင်းမှာ ဖော်ပြထားပါတယ်။

လော့စ်အိန်ဂျလိစ်ရှိ စိန့်ဂျွန်ဝဲလ်ဆေးကုသစင်တာမှ ဥက္ကဌ ဂျင်မ်မန်ဂျီယာက အစိုးရထံမှ ရရှိထားတဲ့ မော်နျူပီရာဗီယာဆေး ၂၀၀ ခန့်က အသုံးမပြုရဘဲ ပက်ဇ်လိုဗစ်ဆေးကိုသာ မှာယူနေကြကြောင်း၊ အခြားရွေးချယ်စရာဆေးတွေမရှိမှသာ မော်နျူပီရာဗီယာကို အကန့်အသတ်နဲ့ ပေးကြောင်း ရိုက်တာကို ပြောကြားခဲ့ပါတယ်။

လက်တွေ့အသုံးပြုကြပြီးတော့မှ မော်နျူပီရာဗီယာကို လိုချင်သူတွေ များလာမှာ‌ဖြစ်ကြောင်း မာ့ခ်ကုမ္ပဏီမှ ပြောကြားလိုက်ပါတယ်။

မာ့ခ်နဲ့ ဖိုင်ဇာတို့မှထုတ်လုပ်တဲ့ ဆေးဝါးတွေကို ရောဂါလက္ခဏာပေါ်ပြီးအစောပိုင်းမှာ ၅ ရက် သောက်သုံးရမှာဖြစ်ကာ အိမ်မှာတင်ကုသနိုင်မှာဖြစ်ပါတယ်။

မာ့ခ်ရဲ့ဆေးဝါးကိုထုတ်လုပ်ပြီး ဆင်းရဲတဲ့နိုင်ငံတွေမှာ ဖြန့်ချီနိုင်ဖို့ ဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီတွေများစွာ ရှိနေပေမယ့် မသေချာမှုတွေ ရှိလာပါတယ်။
Source: Reuters.