#WorldHealth
Published - 30 January 2022

ဥရောပတခွင်၌ အိုမီခရွန်မျိုးဗီဇကွဲကူးစက်မှုကို အရှိန်မြှင့်တိုက်ဖျက်ဖို့လိုနေတဲ့အချိန်မှာ ဖိုင်ဇာကုမ္ပဏီကထုတ်တဲ့ ကိုဗစ်ကုသရေးသောက်ဆေးကို ရောဂါဆိုးရွားစွာခံစားရနိုင်ချေရှိတဲ့သူတွေမှာ အသုံးပြုဖို့ ဥရောပသမဂ္ဂဆေးဝါးကြီးကြပ်ကွပ်ကဲရေးအဖွဲ့က ကြာသပတေးနေ့မှာ အသိအမှတ်ပြုလိုက်ပြီဖြစ်ပါတယ်။

ဥရောပဆေးဝါးအေဂျင်စီ (EMA)အဖွဲ့ရဲ့ အသိအမှတ်ပြုချက်အရ ပြီးခဲ့တဲ့နှစ်က အရေးပေါ်အသုံးပြုခွင့်ရခဲ့တဲ့ ညွှန်ကြားချက်တွေအတိုင်း ချမှတ်လိုက်ပါက ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေမှာ ဖိုင်ဇာကိုဗစ်ကုသရေးဆေးကို အသုံးပြုနိုင်မှာဖြစ်ပါတယ်။

ဖိုင်ဇာကိုဗစ်ကုသရေးသောက်ဆေးကို ပက်ဇ်လိုဗစ် (Paxlovid)တံဆိပ်ဖြင့်ထုတ်လုပ်ကာ အီတလီ၊ ဂျာမနီ၊ ဘယ်လ်ဂျီယံတိုအပါအဝင် ဥရောပသမဂ္ဂနိုင်ငံအချို့က ဝယ်ယူထားပြီးဖြစ်ပါတယ်။

မာ့ခ်မှထုတ်လုပ်တဲ့ ကိုဗစ်ကုသရေးသောက်ဆေး မိုလ်နျူပီရာဗီယာ (Molnupiravir) နဲ့ ပက်ဇ်လိုဗစ်တို့ကို အမေရိကန်မှာ ဒီဇင်ဘာလက အသိအမှတ်ပြုပေးထားပါတယ်။
ဥရောပနိုင်ငံတွေမှာ ကုသဆေးတွေ အပြိုင်အဆိုင်ရရှိနေပြီဖြစ်ပြီး ကာကွယ်ဆေးထိုးပြီးနောက် ထပ်ဆင့်အကာအကွယ်သဘောမျိုး ရရှိနိုင်မှာဖြစ်ကြောင်း ဥရောပသမဂ္ဂမှ ကျန်းမာရေးကော်မရှင်နာ စတယ်လာကီရီယာကိုက်စ်က ဆိုပါတယ်။

"ပက်ဇ်လိုဗစ်က အိမ်မှာတင်အသုံးပြုနိုင်မယ့် ပထမဆုံးကိုဗစ်ကုသရေးသောက်ဆေးဖြစ်ပြီး ကိုဗစ်ရောဂါပြင်းထန်စွာ ခံစားရနိုင်ချေရှိတဲ့သူတွေမှာ သိသိသာသာ တိုးတက်လာနိုင်ပါတယ်" လို့ ဆိုပါတယ်။

ကိုဗစ်ရောဂါလက္ခဏာတွေ စတင်ပေါ်ပေါက်လာချိန်မှာ ကိုဗစ်ကုသရေးသောက်ဆေးတွေကို အိမ်မှာတင်သောက်သုံးနိုင်ပြီး ဆေးရုံတက်ကုသခံယူမှုနဲ့ အသက်အန္တရာယ်ရှိမှုတို့ကို ကာကွယ်ပေးနိုင်တာကြောင့် ယုံကြည်စိတ်ချစွာ အသုံးပြုနိုင်ပါတယ်။

"ဥရောပမှာ ကျွန်တော်တို့ကုမ္ပဏီရဲ့ ထုတ်လုပ်လည်ပတ်ရာနေရာရှိတာကြောင့် တစ်ကမ္ဘာလုံးအတွက် ပက်ဇ်လိုဗစ်ဆေးဝါး သန်း ၁၂၀ ခန့်အထိ ထုတ်လုပ်နိုင်မှာဖြစ်ပါတယ်" လို့ ဖိုင်ဇာမှအမှုဆောင်အရာရှိချုပ် 'အယ်လ်ဘတ်ဘိုလာ'က ထုတ်ပြန်ကြေညာလိုက်ပါတယ်။

ဆေးအညွှန်းပါပက်ဇ်လိုဗစ်ဆေးဝါး ၂ လုံး သောက်သုံးခြင်းက ရောဂါပြင်းထန်နိုင်ချေရှိတဲ့သူတွေမှာ ဆေးရုံတက်ကုသခံယူရမှုနဲ့ အသက်သေဆုံးမှုတိုကို ၉၀ ရာခိုင်နှုန်းနီးပါးလျှော့ချပေးနိုင်ပြီး အိုမီခရွန်မျိုးဗီဇကွဲကူးစက်မှုကိုလည်း ထိရောက်စွာကုသနိုင်ကြောင်း စမ်းသပ်ချက်တွေမှာ တွေ့ရှိထားပါတယ်။

ဂျာမနီနိုင်ငံက ပက်ဇ်လိုဗစ်ဆေးဝါး ၁ သန်းခန့်ကို ဒီဇင်ဘာလက မှာယူထားပါတယ်။
မကြာခင်စတင်ဆေးပေးနိုင်ဖို့ အတွက် နိုင်ငံမှ ဆေးဝါးကြီးကြပ်ကွပ်ကဲရေးအဖွဲ့အနေနဲ့ ဒီလမကုန်ခင်မှာ အသုံးပြုခွင့်ပေးဖို့ မျှော်မှန်းထားပြီး ကျန်းမာရေးဝန်ကြီး ကားလ်လော့တာဘာ့က ဇန်နဝါရီ ၂ ရက်နေ့က ပြောကြားလိုက်ပါတယ်။

အီတလီနိုင်ငံက ဖေဖော်ဝါရီလကျရင် ဆေးဝါးပေါင်း ၂ သိန်းရရှိမှာဖြစ်ပြီး နောက်ထပ် ၄ သိန်း ထပ်မံဝယ်ယူခွင့်ရှိနေပါသေးတယ်။
Source: Reuters