#WorldHealth
Published - 30 January 2022

အိုမီခရွန်မျိုးဗီဇကွဲရဲ့ မျိုးနွယ်ခွဲအသစ်တစ်ခုဖြစ်တဲ့ BA.2 မျိုးနွယ်ခွဲဟာ နဂိုမူလအိုမီခရွန်ထက် ပိုမိုကူးစက်မြန်တယ်လိုထင်ရပေမယ့် booster အားမြှင့်ကိုဗစ်ကာကွယ်ဆေးထိုးခြင်းဖြင့် ထိရောက်စွာကာကွယ်နိုင်ကြောင်း ယူကေမှ ကျန်းမာရေးအာဏာပိုင်များက ပြောကြားလိုက်ပါတယ်။

ထိတွေ့ပြောဆိုခဲ့တဲ့လူတွေကို ရှာဖွေခြေရာခံတဲ့ အချက်အလက်တွေအရ BA.2 မျိုးနွယ်ခွဲဟာ တစ်အိမ်ထဲနေထိုင်သူတွေမှာ ပိုမိုကူးစက်လေ့ရှိကြောင်း ယူကေကျန်းမာရေးလုံခြုံမှုအေဂျင်စီက သောကြာနေ့က ဆိုပါတယ်။

အိမ်သူအိမ်သားအချင်းချင်း ကူးစက်မှုနှုန်းအရ BA.2 မျိုးနွယ်ခွဲကူးစက်မှုနှုန်းက ၁၃.၄ ရာခိုင်နှုန်းရှိပြီး အိုမီခရွန်က ၁၀.၃ ရာခိုင်နှုန်းရှိပါတယ်။

အဆိုပါအချက်အလက်တွေကိုကြည့်ခြင်းဖြင့် ဒီမျိုးနွယ်ခွဲက ဘယ်လောက်အထိ ကူးစက်နိုင်သလဲဆိုတာကို ကောင်းစွာသိရှိနိုင်ပေမယ့် ဒါတွေဟာ ပဏာမတွေ့ရှိချက်တွေသာဖြစ်ပြီး အတက်အကျရှိနိုင်သေးတယ်လို့ အေဂျင်စီက သတိပေးလိုက်ပါတယ်။

ကိုဗစ်ကာကွယ်ဆေးတွေနဲ့ အထူးသဖြင့် booster အားမြှင့်ကိုဗစ်ကာကွယ်ဆေးတွေဟာ BA.2 မျိုးနွယ်ခွဲကိုလည်း ကောင်းစွာကာကွယ်ပေးနိုင်မှာဖြစ်ကြောင်း အေဂျင်စီက ဆိုပါတယ်။

ဒုတိယအကြိမ်ကိုဗစ်ကာကွယ်ဆေးထိုးပြီး ၂၅ ပတ်ကျော်လောက်အထိ ၁၃ ရာခိုင်နှုန်းကာကွယ်ပေးနိုင်ပြီး booster အားမြှင့်ကာကွယ်ဆေးထိုးပြီး ၂ ပတ်အကြာမှာ ၇၀ ရာခိုင်နှုန်းအထိ ကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်။

ယူကေအေဂျင်စီမှ ဆေးဘက်ဆိုင်ရာအကြံပေးအကြီးအကဲ 'ဆူဆန်ဟော့ပ်ကင်းစ်'က အင်္ဂလန်တိုင်းပြည်အနှံမှာ BA.2 မျိုးနွယ်ခွဲဆင့်ကဲပြောင်းလဲပုံတွေကို သိရှိပြီးဖြစ်တဲ့အတိုင်း ပြည်သူတွေအနေနဲ့ နှာခေါင်းစည်းတွေ ဆက်လက်တပ်ဆင်ဖို့၊ စစ်ဆေးမှုတွေပြုလုပ်ဖို့နဲ့
ကိုရိုနာဗိုင်းရပ်စ်ကန့်သတ်ထိန်းချုပ်ချက်တွေ ဖြေလျှော့ပြီဖြစ်တဲ့အတွက် ကိုဗစ်ကာကွယ်ဆေးတွေထိုးနှံဖို့ တိုက်တွန်းထားပါတယ်။

ဂျာမနီနိုင်ငံမှာ BA.2 မျိုးနွယ်ခွဲကူးစက်နေမှုကြောင့် အိုမီခရွန်ကူးစက်မှုလှိုင်း နှောင့်နှေးကြန့်ကြာသလို ဖြစ်ခဲ့ရတယ်လို့ ကျန်းမာရေးဝန်ကြီး'ကားလ်လော့တာဘာ့'က သောကြာနေ့သတင်းစာရှင်းလင်းပွဲမှာ ပြောသွားပါတယ်။

ဒါပေမဲ့ ဖေဖော်ဝါရီနှောင်းပိုင်းလောက်မှာ ကူးစက်မှုနှုန်းတွေ စတင်ကျဆင်းလာမယ်လို့ မျှော်လင့်နေကြပါတယ်။ဒိန်းမတ်နဲ့ အခြားနိုင်ငံအချိုမှာ BA.2 လျင်မြန်စွာကူးစက်လျက်ရှိကာ ကိုဗစ်ကူးစက်မှုအားလုံးရဲ့ တဝက်ကျော်လောက်အထိ BA.2 ကူးစက်မှုက လွှမ်းမိုးထားတာကြောင့် စိုးရိမ်စွာနဲ့ စောင့်ကြည့်သွားရမှာဖြစ်ကြောင်း Bloomberg မှ သတင်းအချက်အလက်သုံးသပ်သူ 'ဆမ်ဖာဇယ်လီ'က Bloomberg TV ကို ပြောကြားသွားပါတယ်။

ဇန်နဝါရီ ၂၄ ရက်နေ့အထိ BA.2 ကူးစက်သူ ၁,၀၇၂ ဦးရှိပြီး ရောဂါဘယ်လောက်အထိ ပြင်းထန်နိုင်သလဲဆိုတာကိုတော့ မသိရသေးပါဘူး။ကိုဗစ်ကာကွယ်ဆေးထိုးနှံမှုနှုန်းအများဆုံးနိုင်ငံတွေထဲက တစ်နိုင်ငံဖြစ်တဲ့ဒိန်းမတ်က BA.2 နဲ့ အိုမီခရွန်မျိုးဗီဇကွဲအကြား ဆေးရုံတက်ကုသခံယူမှုနှုန်း အခုအချိန်အထိ ကွာခြားခြင်းမရှိသေးဘူးလို့ ပြောလိုက်ပါတယ်။
Source: Bloomberg