#WorldHealth
Published - 29 January 2022

အသစ်ထုတ်လုပ်လိုက်တဲ့ PCR test အမျိုးအစားတစ်ခုဖြင့် စမ်းသပ်စစ်ဆေးခြင်းက ကိုရိုနာဗိုင်းရပ်စ်ကူးစက်တဲ့အခါ မည်သည့်မျိုးဗီဇကွဲကူးစက်နေသလဲဆိုတာကို အချိန်တိုအတွင်းသိရှိနိုင်မှာဖြစ်ပြီး ဆရာဝန်တွေအတွက်လည်း အထိရောက်ဆုံးကုသနည်းတွေကို ရွေးချယ်နိုင်မှာဖြစ်ကြောင်း သုတေသီတို့က ပြောကြားလိုက်ပါတယ်။

လက်ရှိအသုံးပြုနေတဲ့ PCR test အများစုဟာ ဗိုင်းရပ်စ်ရောဂါပိုးရှိမရှိ စမ်းသပ်နိုင်ပေမယ့် မည်သည့်မျိုးဗီဇကွဲလဲဆိုတာကိုတော့ မသိရှိနိုင်ပါဘူး။

ဒီ PCR test အသစ်မှာ ရောင်ပြေးမော်လီကျူးလေးတွေပါတဲ့ ရှာဖွေရေးပစ္စည်းလေးတွေပါဝင်ပြီး ဗိုင်းရပ်ထဲက DNA သိုမဟုတ် RNA နဲ့ချိတ်ဆက်မိတဲ့အခါ အရောင်အမျိုးမျိုးထွက်ပေါ်လာမှာဖြစ်ပါတယ်။

လူနာရဲ့နမူနာအသားစကို အပူပေးလိုက်တဲ့အခါ အဆိုပါရှာဖွေရေးပစ္စည်းလေးတွေက ချိတ်ဆက်ထားတဲ့ DNA, RNA တွေကနေ ကွာကျပြီး အရောင်ပျောက်သွားပါတယ်။
သူတို့ချိတ်တွယ်ခဲ့တဲ့ DNA, RNA မျိုးရိုးဗီဇတွေအပေါ်မူတည်ပြီး မတူညီတဲ့အပူချိန်တွေမှာ ကွာကျသွားကြပါတယ်။

ကိုရိုနာမျိုးဗီဇကွဲတစ်ခုချင်းစီမှာ သူတို့ရဲ့ သီးသန့်မျိုးရိုးဗီဇဖြစ်စဉ်တွေ ရှိနေကြတာကြောင့် အပူချိန်အမျိုးမျိုးမှာ အရောင်ပြောင်းလဲသွားပုံကိုကြည့်ပြီး ခွဲခြားသတ်မှတ်လို့ရတာဖြစ်ကြောင်း ရတ်ဂျာစ်နယူးဂျာစီဆေးပညာတက္ကသိုလ်မှ ဒေါက်တာ'ဒေးဗစ်အယ်လန်'က ရှင်းပြသွားပါတယ်။

"ဒယ်လ်တာနဲ့ အိုမီခရွန်အပါအဝင် စိုးရိမ်ရတဲ့မျိုးဗီဇကွဲတွေကို ဖော်ထုတ်သိရှိဖို့အတွက် ၁၀၀ ရာခိုင်နှုန်းတိကျတဲ့ စမ်းသပ်နည်းကို လက်တွေ့စမ်းသပ်ပြီးပြီဖြစ်ပါတယ်။ ဒီစစ်ဆေးနည်းကို အသိအမှတ်ပြုပေးဖို့ နယူးဂျာစီကျန်းမာရေးစောင့်ရှောက်မှုဌာနကို တောင်းဆိုထားပါတယ်။ ဒါမှ ဓာတ်ခွဲခန်းတွေမှာ ဒီစစ်ဆေးနည်းအသစ်ကို အသုံးပြုခွင့်ရမှာပါ" လို့ 'အယ်လန်'ကဆိုပါတယ်။

ဆေးရုံရှိ သာမန်မော်လီကျူးဓာတ်ခွဲခန်းတွေမှာတင် လုပ်ဆောင်နိုင်မှာဖြစ်တယ်လို့ medRxiv ဝက်ဘ်ဆိုက်မှာ သောကြာနေ့က တင်ပြထားပါတယ်။
Source: Reuters