#WorldHealth
Published - 29 January 2022


ဒိန်းမတ်နိုင်ငံမှာ ကိုဗစ်ရောဂါကူးစက်မှုလွှမ်းမိုးလျက်ရှိတဲ့ အိုမီခရွန်မျိုးဗီဇကွဲရဲ့ BA.2 မျိုးနွယ်ခွဲဟာ မူလ BA.1 မျိုးနွယ်ခွဲထက် ပိုမိုကူးစက်မြန်တယ်လို့ ယူဆရကြောင်း ဒိန်းမတ်ကျန်းမာရေးဝန်ကြီး 'မားဂတ်စ်အီယူနစ်'က နိုင်ငံတော်မိန့်ခွန်းပြောကြားရာမှာ ထည့်သွင်းပြောဆိုသွားပါတယ်။

"BA.2 မျိုးဗီဇကွဲက ရောဂါပိုဖြစ်စေသလားဆိုတာက အထောက်အထားမတွေ့ရသေးပါဘူး။ ဒါပေမဲ့ ပိုမိုကူးစက်မြန်တာတော့ သေချာပါတယ်" လို့ အီယူနစ်က သတင်းစာရှင်းလင်းပွဲမှာ ပြောသွားပါတယ်။

လက်ရှိတစ်ကမ္ဘာလုံးအတိုင်းအတာမှာ BA.1 မျိုးနွယ်ခွဲက ကိုဗစ်ရောဂါကူးစက်မှုအားလုံးရဲ့ ၉၈ ရာခိုင်နှုန်းအထိ ရှိနေပေမယ့် ဒိန်းမတ်မှာကတော့ ဇန်နဝါရီဒုတိယအပတ်ကစတင်ကာ BA.2 မျိုးနွယ်ခွဲကူးစက်မှုတွေက လွှမ်းမိုးလာခဲ့ပါတယ်။

ယူကေကျန်းမာရေးလုံခြုံမှုအေဂျင်စီက BA.2 မျိုးနွယ်ခွဲကို လေ့လာစမ်းသပ်နေဆဲဖြစ်တယ်လို့ သတ်မှတ်ထားပြီး ဆင့်ကဲပြောင်းလဲနိုင်စွမ်းပိုရှိနိုင်ကြောင်း ဖော်ပြထားပါတယ်။
ကနဦး လေ့လာတွက်ချက်မှုတွေအရ BA.2 က BA.1 ထက် ၁.၅ ဆ ပိုမိုကူးစက်မြန်ကြောင်း ဒိန်းမတ်နိုင်ငံမှ ကူးစက်ရောဂါရှာဖွေရေးထိပ်သီးအာဏာပိုင်အဖွဲ့ဖြစ်တဲ့ စတေတန်စ်ဆီရမ်အင်စတီကျု (SSI)က ဗုဒ္ဓဟူးနေ့က ထုတ်နုတ်သုံးသပ်ထားပါတယ်။

ဒါပေမဲ့ ကိုဗစ်ရောဂါကြောင့် ဆေးရုံတက်ကုသခံယူရမှုမှာတော့ BA.2 နဲ့ BA.1 တိုက ကွာခြားမှုမရှိကြောင်း တွေ့ရှိထားပါတယ်။"ကိုဗစ်ကာကွယ်ဆေးမထိုးထားတဲ့သူတွေမှာ ပိုမိုကူးစက်စေနိုင်ပေမယ့် သေသေချာချာ ကာကွယ်ဆေးထိုးထားတဲ့သူတွေမှာလည်း ကူးစက်နိုင်ပါသေးတယ်" လို့ SSI မှ နည်းပညာပိုင်းညွှန်ကြားရေးမှူး 'တိုင်ရာဂရိုဗ်ခရောက်စ်'က မီဒီယာရှင်းလင်းပွဲမှာ ပြောကြားလိုက်ပါတယ်။

ဒါကြောင့် ဒိန်းမတ်နိုင်ငံအတွင်း ကပ်ရောဂါကူးစက်မှုမြင့်တက်ခြင်းက အရင်မှန်းဆထားတာကြောင့် ပိုကြာသွားပြီး ဖေဖော်ဝါရီလအထိပါ ကြာရှည်သွားနိုင်ကြောင်း 'ခရောက်စ်'က သတိပေးလိုက်ပါတယ်။

BA.2 မျိုးနွယ်ခွဲကူးစက်မှုတွေကို ဗြိတိန်၊ ဆွီဒင်၊ နော်ဝေနိုင်ငံတို့မှာလည်း တွေ့ရှိထားပေမယ့် ဒိန်းမတ်နိုင်ငံထက်တော့ များစွာလျော့နည်းပါသေးတယ်။

နေ့စဉ်နဲ့အမျှ ရောဂါကူးစက်မှုနှုန်း စံချိန်တင်မြင့်တက်နေပေမယ့် ဒိန်းမတ်နိုင်ငံမှာ နောက်ဆုံးကျန်ရှိနေသေးတဲ့ ကိုဗစ်ရောဂါထိန်းချုပ်ကန့်သတ်ချက်စည်းမျဉ်းတွေကို ဖေဖော်ဝါရီ ၁ ရက်နေ့ကစပြီး ဖယ်ရှားဖို့ အစီအစဉ်တွေကို ဗုဒ္ဓဟူးနေ့က ကြေညာလိုက်ကာ အဆိုပါကန့်သတ်ချက်စည်းမျဉ်းတွေကို ဖယ်ရှားဖို့ ကြေညာလိုက်တဲ့ နောက်ဆုံးဥရောပနိုင်ငံဖြစ်လာပါတယ်။
Source: Reuters