Published 29 January 2022

ယူကရိန်းနယ်စပ်မှာ တပ်စွဲလာတဲ့ ရုရှားတပ်တစ်ခုမှာ ဒဏ်ရာရတဲ့သူတွေအတွက် သွေးထောက်ပံ့မှုအစီအမံတွေပါ ပါလာတယ်လို့ အမေရိကန်အရာရှိ(၃)ဦးကပြောတဲ့အကြောင်းရိုက်တာက သတင်းရေးသားပါတယ်။ အဲဒါဟာ ရုရှားအနေနှင့် အိမ်နီးချင်းယူကရိန်းကို တပ်တွေရွှေ့နိုင်စွမ်းရှိနေပြီဆိုတာ ရှင်းရှင်းလင်းလင်းဖြစ်သွားတယ်လို့လည်း သတင်းကဆိုပါတယ်။

အမည်ထုတ်ဖော်မပြောတဲ့ အဲဒီအရာရှိတွေရဲ့ ထုတ်ဖော်ပြောကြားမှုတွေကြောင့် ရုရှားဟာ ယူကရိန်းကို ကျူးကျော်မှုအသစ် အတွက် ပြင်ဆင်နေနိုင်တယ်ဆိုတဲ့ အမေရိကန်ရဲ့စိုးရိမ်ပူပန်မှုကို ပိုမိုကြီးထွားစေပါတယ်။အခုဆို ရုရှားက နယ်စပ်မှာ တပ်အင်အား တစ်သိန်းကျော်ချထားတာဖြစ်ပါတယ်။

အဲဒီကိစ္စနှင့်ပတ်သက်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနကို ရိုက်တာ သတင်းဌာနက မှတ်ချက်တောင်းခံထားတာ တုန့်ပြန်မှု မရှိသေးပါဘူး။

အနောက်အုပ်စုဟာ အကျပ်အတည်းအတွက် မော်စကိုရဲ့ အဓိက လုံခြုံရေးဆိုင်ရာတောင်းဆိုချက်ကို မကိုင်တွယ်ခဲ့ဘူးလို့ ရုရှားသမ္မတ ဗလာဒီမာပူတင်ကပြောပါတယ်။ ဒါပေမယ့် ဆက်လက်ဆွေးနွေးဖို့အတွက် အဆင်သင့်ရှိနေတယ်လို့ပြောခဲ့တဲ့ အတွက် တိုက်ခိုက်မှုဟာ ချက်ခြင်းဖြစ်လာဦးမှာမဟုတ်ဘူးဆိုတဲ့ မျှော်လင့်ချက်ပေးလိုက်သလိုဖြစ်ခဲ့ပါတယ်။

ရက်သတ္တပတ်ပေါင်းများစွာ အသံတိတ်နေရာကနေ ပူတင်ဟာ ပြင်သစ်သမ္မတ အီမန်နူယယ်မာခရွန်နှင့် ဖုန်းခေါ်ဆို ပြောဆိုခဲ့စဉ်  ရုရှားရဲ့တောင်းဆိုချက်နှင့်ပတ်သက်ပြီး အမေရိကန်နှင့်နေတိုးအဖွဲ့တို့ရဲ့တုန့်ပြန်ချက်နှင့်ပတ်သက်လို့ သမ္မတ ပူတင်က ပထမဆုံးကမ်းလှမ်းမှုပြုခဲ့တာပါ။

ဝါရှင်တန်နှင့်နေတိုးတို့ ပေးပို့ထားတဲ့ ပြန်ကြားချက်ကို  နောက်ထပ်ဆုံးဖြတ်ချက်တစ်ခုမချခင် ဒီတစ်ပတ်ထဲမှာ လေ့လာသုံးသပ်နေတယ်လို့ ပူတင်က မာခရွန်ကိုပြောခဲ့တယ်လို့သိရပါတယ်။

လက်ရှိအမေရိကန်အရာရှိတွေနှင့် အရာရှိဟောင်းတွေကတော့ သွေးအထောက်အပံ့တွေလို ညွှန်းကိန်းတွေက မော်စကိုအနေ  နှင့် ကျူးကျော်မှုအတွက် ပြင်ဆင်နေသလားဆိုတာကိုစဉ်းစားဆုံးဖြတ်ရာမှာ အရေးပါတယ်လို့ ဆိုကြပါတယ်။

ပူတင်နှင့် မာခရွန်တို့ဖုန်းပြောကြတဲ့အခါ အခြေအနေတွေတင်းမာလာတာမျိုး သူမလိုချင်ပါဘူးလို့ ပူတင်ကပြောခဲ့တယ်လို့ ပြင်သစ်သမ္မတရုံးက ပြောပါတယ်။ အဲဒီပြောဆိုချက်နှင့် ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီလာဗရော့ပြောတဲ့ မော်စကိုက စစ်ကို မလိုလားဘူးဆိုတာနှင့် အသံတွေတူနေပါတယ်။

အမေရိကန်နှင့်နေတိုးရဲ့ပြန်ကြားချက်က ရုရှားရဲ့ အခြေခံစိုးရိမ်ပူပန်မှုတွေအပေါ်ထည့်သွင်းစဉ်းစားစရာဖြစ်မလာဘူးလို့ မာခရွန်နှင့်ဖုန်းပြောဆိုခဲ့မှုအပေါ် ကရင်မလင်က ပြောပါတယ်။

အခြေခံကျတဲ့စိုးရိမ်ပူပန်မှုတွေက နေတိုးချဲ့ထွင်မှုကိုရှောင်ရှားဖို့၊ ရုရှားနယ်စပ်အနီး တိုက်ခိုက်ရေးလက်နက်တွေ ချမထားဖို့နှင့်   အရှေ့ဥရောပက ယခင်ဝါဆောစာချု်ပအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံမတိုင်ခင်အနေအထားအတိုင်း နေတိုးရဲ့ စစ်ရေးစွမ်းရည်နှင့် အခြေခံအဆောက်အအုံတွေကို ပြန်သွားဖို့ ဆိုတာတွေဖြစ်ပါတယ်။

“ အရေးကြီးတဲ့မေးခွန်းတွေက လျစ်လျူရှုခံရတယ်။ အမေရိကန်နှင့်သူ့မဟာမိတ်တွေက လုံခြုံရေးဆိုင်ရာသိက္ခာတရားကို ဘယ်လောက်လိုက်နာမလဲဆိုတာပဲ။အခြားသူတွေရဲ့လုံခြုံရေးကို ထိခိုက်စေမယ့် လုံခြုံရေးတိုးမြှင့်တာမျိုး ဘယ်သူမှ မလုပ်သင့်ဘူး” လို့ကရင်မလင်ကပြောပါတယ်။

ရုရှားရဲ့တောင်းဆိုချက်တွေက စလုပ်လို့ရတဲ့အရာတွေမဟုတ်ပေမယ့် ဆွေးနွေးဖိုတော့ တံခါးဖွင့်ထားပေးဆဲပါ လို့ အမေရိကန် နှင့်နေတိုးက ပြောပါတယ်။

Source Reuters