#WorldHealth
Published - 28 January 2022


ဆိုင်နိုဗက် Sinovac ကုမ္ပဏီမှထုတ်တဲ့ ကိုရိုနာဗက် CoronaVac ကာကွယ်ဆေး ၂ ကြိမ်ထိုးထားတဲ့သူတွေမှာ အက်စ်ထရာဇန်နီကာ၊ ဖိုင်ဇာ-ဘိုင်အိုတက်ခ်၊ ဂျွန်ဆန်အင်န်ဂျွန်ဆန် ကာကွယ်ဆေးတိုကို booster အားမြှင့်ကိုဗစ်ကာကွယ်ဆေးအဖြစ် ထိုးနှံပါက ပဋိပစ္စည်း antibody ပမာဏ သိသိသာသာများပြားလာကြောင်း လေ့လာတွေ့ရှိထားပါတယ်။

ကိုရိုနာဗက်ကိုဗစ်ကာကွယ်ဆေး ထိုးထားတဲ့သူတွေမှာ ဗိုင်းရပ်စ်အခြေပြုကာကွယ်ဆေး ဒါမှမဟုတ် RNA ကာကွယ်ဆေးတွေကို booster အားမြှင့်ကိုဗစ်ကာကွယ်ဆေးအဖြစ် ထိုးနှံပါက ဒယ်လ်တာနဲ့ အိုမီခရွန်မျိုးဗီဇကွဲတွေကိုကာကွယ်ဖို့ ရောဂါခုခံအားအမြင့်ဆုံးရရှိနိုင်တယ်လို့ ဘရာဇီးလ်နဲ့ အောက်စ်ဖို့ဒ်တက္ကသိုလ်မှ သုတေသီများက တနင်္လာနေ့က ပြောသွားပါတယ်။

တရုတ်နိုင်ငံထုတ် ဆိုင်နိုဗက်ကာကွယ်ဆေးကို တရုတ်ပြည်ရှိလူနာတစ်ဦးမှ သီးသန့်ရယူထားတဲ့ ကိုရိုနာဗိုင်းရပ်စ်အသေကို အသုံးပြုပြီး ထုတ်လုပ်ထားတာဖြစ်ပါတယ်။
ဆိုင်နိုဗက်ကာကွယ်ဆေးကို ဘရာဇီးလ်၊ တရုတ်၊ အာဂျင်တီးနား၊ တောင်အာဖရိက၊ အိုမန်၊ မလေးရှား၊ အင်ဒိုနီးရှား၊ တူရကီအပါအဝင် နိုင်ငံပေါင်း ၅၀ ကျော်မှာ အသိအမှတ်ပြုထားပါတယ်။

ဒီလေ့လာတွေ့ရှိချက်က အသက်မဲ့ဗိုင်းရပ်စ်အခြေပြုကာကွယ်ဆေးတွေ အသုံးပြုတဲ့နိုင်ငံတွေအတွက်လည်း ရွေးခြယ်စရာရှိလာမှာဖြစ်ကြောင်း အောက်စ်ဖို့ဒ်ကာကွယ်ဆေးအဖွဲ့မှ ညွှန်ကြားရေးမှူး အန်ဒရူးပေါလာ့ဒ်က ဆိုပါတယ်။

ဒါပေမဲ့ ဒီဇင်ဘာလအတွင်းပြုလုပ်ခဲ့တဲ့ လေ့လာချက်အရ ဆိုင်နိုဗက် ၂ ကြိမ်ထိုးပြီး ဖိုင်ဇာ-ဘိုင်အိုတက်ခ် booster အားမြှင့်ကာကွယ်ဆေးထိုးနှံပါက အခြားမျိုးဗီဇကွဲတွေနဲ့ယှဉ်ရင် အိုမီခရွန်မျိုးဗီဇကွဲကို ကာကွယ်ရာမှာ ရောဂါခုခံအား နည်းပါးသွားကြောင်း သိရှိထားပါတယ်။

အက်စ်ထရာဇန်နီကာနဲ့ J&J ကိုဗစ်ကာကွယ်ဆေးတို့ဟာ ဗိုင်းရပ်စ်အခြေပြုကာကွယ်ဆေးတွေဖြစ်ပြီး ဖိုင်ဇာ-ဘိုင်အိုတက်ခ်ကတော့ mRNA ကာကွယ်ဆေးအမျိုးအစားဖြစ်ပါတယ်။
ဘရာဇီးလ်နိုင်ငံ ဆာပေါ်လိုနဲ့ ဆာလ်ဗေဒေါမြို့တို့မှာ လူ ၁,၂၄၀ တိုကို စမ်းသပ်ခဲ့ရာမှာ ကိုရိုနာဗက်ကာကွယ်ဆေးကိုပဲ တတိယအကြိမ်ထိုးနှံပါက ပဋိပစ္စည်း antibody များပြားလာစေပေမယ့် အခြားကာကွယ်ဆေးအမျိုးအစားဖြင့် booster ထိုးနှံပါက ပိုမိုသင့်လျော်ကြောင်း တွေ့ရှိရပါတယ်။

booster အားမြှင့်ကာကွယ်ဆေးမထိုးခင်က ပဋိပစ္စည်း antibody ပမာဏနည်းနေပြီး အသက် ၁၈ နှစ်မှ ၆၀ ကြားလူတွေမှာ ၂၀.၄ ရာခိုင်နှုန်း၊ အသက် ၆၀ အထက်လူကြီးတွေမှာ ၈.၉ ရာခိုင်နှုန်းတို့သာ ရှိနေပါတယ်။

သောကြာနေ့က လန်ဆက်ဆေးပညာဂျာနယ်ရဲ့ ဖော်ပြချက်အရ ဘယ် booster အမျိုးအစားပဲထိုးထိုး ပဋိပစ္စည်း antibody တွေ သိသိသာသာ များလာတယ်လို့ ဖော်ပြထားပါတယ်။
Source: Reuters.