#WorldPolitics
Published - 28 January 2022


လာမယ့်ဖေဖော်ဝါရီလအတွင်း ယူကရိန်းနိုင်ငံကို ရုရှားတို့စစ်ရေးကျူးကျော်မှုတွေပြုလုပ်ဖို့ အလားအလာများကြောင်း အမေရိကန်သမ္မတ'ဂျိုးဘိုင်ဒင်က ယူကရိန်းသမ္မတကို ကြာသပတေးနေ့က သတိပေးပြောကြားခဲ့တယ်လို့ အိမ်ဖြူတော်မှ ထုတ်ပြန်လိုက်ပါတယ်။

ယခုအပတ်အတွင်း အမေရိကန်တို့က ရုရှားတို့ရဲ့အဓိကတောင်းဆိုချက်တွေကို လိုက်လျောဖို့ငြင်းပယ်ခဲ့တာကြောင့် ရုရှားဘက်ကလည်း ဒီပြဿနာအကြပ်အတည်းကို ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်းဖို့မလွယ်ကူကြောင်း အရိပ်အမြွက်ပြောကြားခဲ့ပါသေးတယ်။

ဒီပြဿနာတွေကို နောက်ထပ်ဆွေးနွေးမှုတွေပြုလုပ်ပြီး ဖြေရှင်းနိုင်သေးတယ်လို့ ရုရှားမှတာဝန်ရှိသူတွေက ပြောခဲ့ပေမယ့် သမ္မတ'ဘိုင်ဒင်ကတော့ ရုရှားသမ္မတ'ဗလက်ဒီမီယာပူတင်'ဟာ ယူကရိန်းပိုင်နက်ကို သိပ်မကြာခင်အချိန်အတွင်းမှာ ဆက်လက်ကျူးကျော်သွားဖို့ ရှေ့တိုးဆောင်ရွက်သွားနိုင်တယ်လို့ ပြင်းပြင်းထန်ထန် သတိပေးလိုက်ပါတယ်။

ဘိုင်ဒင်က အုပ်ချုပ်ရေးတာဝန်ရှိသူတွေ အချိန်အတန်ကြာ စိုးရိမ်ပူပန်နေရတဲ့ကိစ္စတွေကို ယူကရိန်းသမ္မတ'ဗိုလိုဒီမီယာဇယ်လန်စကီ'ထံ ဖုန်းဖြင့်ပြောကြားပြီးနောက် စိုးရိမ်ပူပန်မှုတွေ ပိုမြင့်တက်လာခဲ့ပါတယ်။

အိမ်ဖြူတော်အမျိုးသားလုံခြုံရေးကောင်စီမှ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် 'အမ်မလီဟွန်း'က "ဖေဖော်ဝါရီလမှာ ရုရှားတို့က ယူကရိန်းကိုကျူးကျော်နိုင်ချေရှိတယ်လို့ သမ္မတဘိုင်ဒင်က သတိပေးလိုက်ပါတယ်။အခုအခါ အများသိအောင်ကြေညာလိုက်ပြီး ကျွန်မတို့ကိုသတိပေးထားတာကတော့ လပိုင်းလောက်ရှိနေပါပြီ" လို့ ပြောသွားခဲ့ပါတယ်။

ရုရှားနိုင်ငံက အိမ်နီးချင်းဆိုဗီယက်နိုင်ငံဟောင်း ယူကရိန်းနယ်စပ်အနားမှာ စစ်အင်အား ၁ သိန်းခန့်နေရာချထားခြင်းက ယူကရိန်းကိုကျူးကျော်ဖို့ ကြံရွယ်စီစဉ်နေခြင်းဖြစ်နိုင်တာကြောင့် အမေရိကန်နဲ့ နေတိုး(NATO)မဟာမိတ်အဖွဲ့တွေက စိုးရိမ်ပူပန်နေကြရပြီး နိုင်ငံရေးတင်းမာမှုတွေ မြင့်တက်လာခဲ့ပါတယ်။

ရုရှားဘက်ကတော့ ယူကရိန်းကိုကျူးကျော်ဖို့ အစီအစဉ်မရှိဘူးလို့ ငြင်းဆိုလိုက်ကာ ဥရောပအတွင်း လုံခြုံရေးဆိုင်ရာ တောင်းဆိုချက်တွေကို ချပြခဲ့ပါတယ်။

ဒါပေမဲ့ အမေရိကန်နဲ့ အနောက်မဟာမိတ်အဖွဲ့တွေက ရုရှားရဲ့အဓိကတောင်းဆိုချက်တွေကို မလိုက်လျောနိုင်ကြောင်း ဗုဒ္ဓဟူးနေ့က ငြင်းပယ်လိုက်ပြီး ယူကရိန်းနိုင်ငံကို နေတိုးအဖွဲ့ဝင်အဖြစ် အပြီးတိုင်ဝင်ခွင့်ပိတ်ပင်ဖို့ကို ငြင်းပယ်လိုက်ကြောင်း၊ အရှေ့ဥရောပရှိ စစ်လက်နက်ပစ္စည်းတွေနဲ့ မဟာမိတ်စစ်အင်အား နေရာချထားခြင်းတို့မှာလည်း ညှိနှိုင်းလို့မရကြောင်း အကြောင်းပြန်ခဲ့ပါတယ်။

အမေရိကန်ရဲ့တုန့်ပြန်ပုံက ရုရှားတို့ရဲ့ပြဿနာကို ကိုင်တွယ်ဖြေရှင်းပြီး ယူကရိန်းကိစ္စမှာ တင်းမာမှုမြင့်တက်နေမှုကိုလည်း လျှော့ချသွားနိုင်အောင် ပုံဖော်လုပ်ဆောင်နေပုံရပါတယ်။

ယူကရိန်းကို ကျူးကျော်မှုလုပ်ရင် ရုရှားကို ပြင်းထန်တဲ့ဒဏ်ခတ်ပိတ်ဆို့မှုတွေ ပြုလုပ်မှာဖြစ်ကြောင်း အမေရိကန်က ပြီးခဲ့တဲ့ရက်ပိုင်းက သတိပေးထားပါတယ်။
ရုရှားလူမျိုးတွေနဲ့ အဓိကစီးပွားရေးကဏ္ဍကြီးတွေကို ပစ်မှတ်ထားကိုင်တွယ်သွားမှာဖြစ်တယ်လို့ အမေရိကန်မှ အကြီးတန်းအရာရှိတွေက ပြောကြားထားပါတယ်။

ကျူးကျော်မှုဖြစ်လာပါက အသစ်ဆောက်လုပ်ထားတဲ့ ဂတ်စ်ပိုက်လိုင်းကြီးကို စတင်ဆောင်ရွက်သွားဖို့ ဂျာမနီတို့က ခွင့်ပြုမှာမဟုတ်ပါဘူး။
အားလုံးက 'ပူတင်'ကိုစောင့်ကြည့်နေကြပြီး ဥရောပမှာ စစ်ပွဲဖြစ်လာမှာလားဆိုတာကတော့ သူ့ရဲ့ဆုံးဖြတ်ချက်အပေါ် မူတည်နေပါတယ်။

ယူကရိန်းကို အမေရိကန်နဲ့ မဟာမိတ်အဖွဲ့တွေက စစ်ရေးထောက်ပံ့မှုတွေ ပြုလုပ်နေပြီး လတ်တလောမှာ ဘိုင်ဒန်နဲ့ ဇယ်လန်စကီတို့ ပြောဆိုဆွေးနွေးမှုတွေ ပြုလုပ်နေပါတယ်။
ရုရှားတပ်တွေက ယူကရိန်းမြို့တော်ကိဗ်ရဲ့ မြောက်ဘက်ကနေ တိုက်ခိုက်လာဖို့များကြောင်း ဘိုင်ဒင်ကသတိပေးထားပါတယ်။

ရုရှားတို့က လက်နက်ကြီးတွေ ပိုပြီးအသုံးပြုလို့ကောင်းမယ့် အချိန်နေရာကို စောင့်ဆိုင်းနေတာဖြစ်နိုင်ကြောင်း ကျွမ်းကျင်သူတွေက သုံးသပ်လျက်ရှိပါတယ်။
လွန်ခဲ့တဲ့ ၈ နှစ် ဖေဖော်ဝါရီနှောင်းပိုင်းတုန်းက ရုရှားက ယူကရိန်းရဲ့ ခရီမီယာကျွန်းဆွယ်ကို ကျူးကျော်ခဲ့ဖူးပါတယ်။

ဇယ်လန်စကီက တွစ်တာတွင်ဖော်ပြထားရာမှာ "ယူကရိန်းကို နောက်ထပ်ဘဏ္ဌာရေးထောက်ပံ့မှုတွေ ပြုလုပ်နိုင်ဖို့ကို သူနဲ့ ဘိုင်ဒန်တို့ ဆွေးနွေးခဲ့ကြတယ်" လို့ ရေးသားထားပါတယ်။
Source: AP News