#WorldHealth
Published - 27 January 2022

ကိုဗစ်ကာကွယ်ဆေးထိုးပြီးနောက် အလွန်ကူးစက်မြန်အိုမီခရွန်မျိုးဗီဇကွဲ ကူးစက်ခံရသူတွေကို လေ့လာစစ်ဆေးကြည့်ရာ ဖိုင်ဇာ-ဘိုင်အိုတက်ခ် ကိုဗစ်ကာကွယ်ဆေးကဲ့သို့ mRNA အမျိုးအစားကာကွယ်ဆေးတွေနဲ့ booster အားမြှင့်ကာကွယ်ဆေးတွေဟာ အိုမီခရွန်ကို ကာကွယ်နိုင်ခြင်းမရှိကြောင်း တွေ့ရှိခဲ့ရပါတယ်။

နိုဝင်ဘာနှောင်းပိုင်းနဲ့ ဒီဇင်ဘာအစောပိုင်းက တောင်အာဖရိကနိုင်ငံ ကိပ်တောင်းမြို့တော်သို့ လာရောက်လည်ပတ်တဲ့ ဂျာမနီလူမျိုး ၇ ယောက်ဟာ booster အားမြှင့်ကာကွယ်ဆေးထိုးထားပေမယ့်လည်း ကိုဗစ်ရောဂါလက္ခဏာတွေကို ခံစားခဲ့ရပါတယ်။

သူတို့ကို လေ့လာစစ်ဆေးဖို့ ကိပ်တောင်းတက္ကသိုလ်နဲ့ စတယ်လာဘော့ချ်တက္ကသိုလ်တို့က ခွင့်ပြုခဲ့ပြီး သုတေသီတို့က သူတို့ရဲ့တွေ့ရှိချက်တွေကို လန်ဆက်ဂျာနယ်မှာ ဇန်နဝါရီ ၁၈ ရက်နေ့က ဖော်ပြခဲ့ပါတယ်။

အဆိုပါကူးစက်မှုအားလုံးက ရောဂါအပျော့စားနဲ့ အလယ်အလတ်မျှသာဖြစ်ပြီး ရောဂါပြင်းထန်မှု၊ အသက်သေဆုံးမှုနဲ့ ဆေးရုံတက်ကုသခံယူမှုတို့ကို ရှောင်ရှားနိုင်ရန် ကာကွယ်ဆေးထပ်မံထိုးနှံဖို့ ထောက်ခံပြောကြားလိုက်ပါတယ်။

အိုမီခရွန်မျိုးဗီဇကွဲဟာ စွမ်းရည်အမြင့်ဆုံး booster အားမြှင့်ကိုဗစ်ကာကွယ်ဆေးတွေရဲ့ ရောဂါခုခံအားကိုတောင် ရှောင်ရှားသွားနိုင်တဲ့စွမ်းရည်ရှိကြောင်း တွေ့ရှိချက်တွေမှာ ဖော်ပြထားပါတယ်။

ဒါကြောင့် ကိုဗစ်ရောဂါကိုတိုက်ဖျက်ရာမှာ ကာကွယ်ဆေးအပြင် ခပ်ခွာခွာနေထိုင်ခြင်း၊ နှာခေါင်းစည်းတပ်ဆင်ခြင်းတို့ကို ပြုလုပ်သင့်ကြောင်း အလေးပေးဖော်ပြထားပါတယ်။

ကိုဗစ်ကာကွယ်ဆေးထိုးခြင်းဖြင့် အိုမီခရွန်ကူးစက်မှုကိုကာကွယ်ရာမှာ တီဆဲလ်ကဲ့သို့ ပဋိပစ္စည်း antibody တွေအပြင် ခန္ဓာကိုယ်ခုခံအားစနစ်မှ အခြားအစိတ်အပိုင်းတွေကလည်း ရောဂါပိုးကိုကာကွယ်ရာမှာ ပါဝင်နေပါတယ်။

နိုဝင်ဘာ ၃၀ ရက်နေ့မှ ဒီဇင်ဘာ ၂ ရက်နေ့အတွင်း ကူးစက်ခံခဲ့ရတဲ့လူတွေမှာ ရောဂါအပျော့စားနဲ့ အလယ်အလတ်ရောဂါလက္ခဏာတွေသာ ခံစားခဲ့ရပြီး သူတို့ရဲ့ရောဂါခုခံအားစနစ်မှာ အားကောင်းတဲ့ တီဆဲလ်တုန့်ပြန်မှုတွေကို တွေ့ရှိခဲ့ရပါတယ်။

ဒီလိုရောဂါအပျော့စားတွေသာ ဖြစ်ပေါ်ခြင်းကြောင့် ကိုဗစ်ကာကွယ်ဆေးအပြည့်ထိုးပြီး booster အားမြှင့်ကာကွယ်ဆေးထိုးနှံပါက အိုမီခရွန်ကူးစက်မှုကြောင့် ရောဂါပြင်းထန်လာနိုင်ချေကို ကောင်းစွာကာကွယ်ပေးနိုင်ကြောင်း သုတေသီတွေက ဆိုပါတယ်။

အခုအချိန်အထိတော့ အိုမီခရွန်ကြောင့် ဆေးရုံတက်ကုသခံယူရမှုနဲ့ အသက်သေဆုံးမှုတို့ဟာ ဒယ်လ်တာမျိုးဗီဇကွဲလောက်တော့ ပြင်းထန်ခြင်းမရှိသေးပါဘူး။အိုမီခရွန်ကူးစက်မှုကိုကာကွယ်ဖို့ ဒီထက်အရည်အသွေးကောင်းတဲ့ ကာကွယ်ဆေးတွေလိုအပ်တယ်လို့လည်း အကြံပြုထားပါတယ်။
Source: The Straits Time