#WorldPolitics
Published - 27 January 2022


ယူကရိန်းအရေးကိစ္စနဲ့ ပတ်သက်ပြီး ရုရှားတို့ ရဲ့ အဓိကတောင်းဆိုချက်တွေကို အမေရိကန်နဲ့ နေတိုး(NATO)အဖွဲ့တို့ က လိုက်လျောပေးနိုင်မှာမဟုတ်ဘူးလို့ ဘိုင်ဒန်ရဲ့အမေရိကန်အစိုးရအဖွဲ့နဲ့ နေတိုးအဖွဲ့တို့က ဗုဒ္ဓဟူးနေ့မှာ ရုရှားကို တုန့်ပြန်ပြောကြားလိုက်ပါတယ်။

ရုရှားတို့ထံ စာဖြင့်ရေးသားတုန့်ပြန်ပြောကြားရာမှာ အမေရိကန်နဲ့နေတိုးအဖွဲ့တို့ က အဖွဲ့ ဝင်မဟာမိတ်တွေအတွက် လွတ်လပ်တဲ့ပေါ်လစီအတိုင်း အခိုင်အမာဆုပ်ကိုင်ထားကြောင်း၊ ယူကရိန်းကို နေတိုးအဖွဲ့ဝင်အဖြစ် အပြီးတိုင်ဝင်ခွင့်မပြုဖို့ တောင်းဆိုချက်ကိုလည်း ငြင်းပယ်လိုက်ကြောင်း၊ အရှေ့ဥရောပမှာ စစ်လက်နက်ပစ္စည်းတွေနဲ့ မဟာမိတ်တပ်များ ဖြန့်ကျက်လားမှုမှာလည်း ညှိနှိုင်း မရကြောင်း ဖော်ပြထားပါတယ်။

ယူကရိန်းနိုင်ငံအပေါ် ရုရှားတို့ကျူးကျော်လာပါက အမေရိကန်နဲ့ဥရောပတို့က ဘာညှိနှိုင်းမှုမှ ပြုလုပ်မှာမဟုတ်ကြောင်း၊ ဘယ်အရာမှပြောင်းလဲသွားမှာမဟုတ်ကြောင်း၊
ကျူးကျော်မှုမှန်သမျှသည် စီးပွားရေးဆုံးရှုးမှုတွေနဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကိုသာ ဖြစ်ပေါ်လာစေမှာဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး 'အန်တိုနီဘလင်ကန်'က ပြောကြားလိုက်ပါတယ်။

အမေရိကန်တို့ ရဲ့ဆုံးဖြတ်ချက်အပေါ် ရုရှားရဲ့နောက်ဆုံးတုန့်ပြန်မှုက ဥရောပမှာ နောက်တစ်ကြိမ်စစ်ပွဲဖြစ်လာမှာလားဆိုတာကို အဆုံးအဖြတ်ပေးသွားမှာ ဖြစ်ပါတယ်။
ရုရှားတို့ဆီက လောလောဆယ်မှာ ချက်ချင်းဖြေကြားခြင်း မကြားရသေးပါဘူး။
ဒါပေမဲ့ အမေရိကန်နဲ့မဟာမိတ်တွေအနေနဲ့ ရုရှားရဲ့တောင်းဆိုချက်တွေကို ငြင်းပယ်မယ်ဆိုရင် ချက်ချင်းတုန့်ပြန်ဆောင်ရွက်သွားမယ်လို့ ရုရှားမှတာဝန်ရှိသူများက သတိပေးထားပါတယ်။

ယူကရိန်းနယ်စပ်နားမှာ နေရာချထားတဲ့ ရုရှားစစ်အင်အား ၁ သိန်းကို တပ်ဆုတ်စေနိုင်ဖို့ ချဉ်းကပ်သွားနိုင်မယ့်နည်းလမ်းတွေကို အမေရိကန်တို့က ရှာဖွေလျက်ရှိပါတယ်။
အမေရိကန်ရဲ့တုန့်ပြန်ပုံက ရုရှားတို့ရဲ့ပြဿနာကို ကိုင်တွယ်ဖြေရှင်းပြီး ယူကရိန်းကိစ္စမှာ တင်းမာမှုမြင့်တက်နေမှုကိုလည်း လျှော့ချသွားနိုင်အောင် ပုံဖော်လုပ်ဆောင်နေပုံရပါတယ်။

အမေရိကန်ဘက်မှ ပေးပို့လိုက်တဲ့ တုန့်ပြန်ဖြေကြားခြင်းစာရွက်စာတမ်းတွေကို ရုရှားနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး 'ဂျွန်ဆာလီဗန်'က ရုရှာနိုင်ငံခြားရေးဝန်ကြီးဌာနထံ ဗုဒ္ဓဟူးနေ့က သွားရောက်ပို့ဆောင်ခဲ့ပါတယ်။

စာရွက်စာတမ်းမှာ ပါဝင်တဲ့အကြောင်းအရာတွေကို ရုရှားတို့အံ့အားသင့်နေမှာမဟုတ်ဘူးလို့ ဘလင်ကန်က သတင်းထောက်တွေကို ပြောလိုက်ပါတယ်။

အမေရိကန်တို့ပေးပို့လိုက်တဲ့ စာရွက်စာတမ်းထဲမှာ လုံခြုံရေးကိုထိခိုက်ပျက်ပြားစေတဲ့ ရုရှားတို့ရဲ့လုပ်ရပ်အပေါ် အမေရိကန်နဲ့ မဟာမိတ်အဖွဲ့တွေရဲ့သဘောထားများ၊ ရုရှားတို့ကြောင့်ဖြစ်ပေါ်လာတဲ့ ပြဿနာတွေအပေါ် အခြေခံကျကျ လက်တွေ့ကျကျ သုံးသပ်ထားခြင်းများ၊ အချို့ကဏ္ဍတွေမှာ ဘုံသဘောတူညီချက်ရရှိနိုင်မယ့် ကမ်းလှမ်းချက်များ စသည့်အချက်အလက်များ ပါဝင်ပါတယ်။

'ဘလင်ကန်'က ယခုတုန့်ပြန်ဖြေကြားချက်တွေနဲ့ပတ်သက်ပြီး လာမယ့်ရက်တွေအတွင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး 'ဆာဂျီလက်ဗ်ရော့ဗ်'နဲ့ စကားပြောဆိုသွားနိုင်ဖို့ မျှော်လင့်ထားပါတယ်။

ဒါပေမဲ့ သံတမန်ရေးရာလမ်းကို ရွေးချယ်မှာလား ပဋိပက္ခတွေကို ရွေးချယ်မှာလားဆိုတဲ့ ဆုံးဖြတ်ချက်ကတော့ ရုရှားနိုင်ငံနဲ့ အထူးသဖြင့် ရုရှားသမ္မတဗလက်ဒီမီယာပူတင်တို့အပေါ်သာ မူတည်ကြောင်း ပြောကြားလိုက်ပါတယ်။

နေတိုး(NATO)မဟာမိတ်အဖွဲ့မှ အတွင်းရေးမှူးချုပ် 'ယန်းစ်စတိုလ်တန်ဘာ့ဂ်'က စစ်ရေးဖြစ်ပွားမှုတွေကို ရှောင်ရှားပြီး နိုင်ငံတွေအကြား ဆက်ဆံရေးတိုးတက်လာဖိုနည်းလမ်းတွေကို ရုရှားတို့ထံ ရေးသားပေးပို့ခဲ့ကြောင်း ဆိုပါတယ်။

"ရုရှားအနေနဲ့ အခြားနိုင်ငံတွေအပေါ် ရန်လိုတဲ့စကားတွေ၊ သံသယဖြစ်စေနိုင်တဲ့အပြုအမူတွေ မပြုလုပ်မိအောင် ရှောင်ကြဉ်သင့်ပါတယ်။ ယူကရိန်း၊ ဂျော်ဂျီယာ၊ မောလ်ဒိုဗာနိုင်ငံတွေမှာ သူတို့ရဲ့သဘောတူညီချက်မရဘဲ ရုရှားစစ်တပ်တွေနေရာချထားခြင်းကိုလည်း ပြန်လည်ရုတ်သိမ်းသင့်ပါတယ်" လို့ ပြောကြားသွားပါတယ်။
Source: AP News