#WorldHealth
Published - 25 January 2022

ကမ္ဘာအနှံ့မှာ booster အားမြှင့်ကိုဗစ်ကာကွယ်ဆေးတွေ ထိုးနှံတဲ့သူတွေကြား ကိုဗစ်ရောဂါကူးစက်နေကြတာကြောင့် ရောဂါခုခံနိုင်စွမ်းနဲ့ပတ်သက်တဲ့ အချက်အလက်တွေကလည်း ရှုပ်ထွေးလျက်ရှိနေပါတယ်။

ကာကွယ်ဆေးထိုးထားသူတွေကြား ရောဂါကူးစက်နေကြတာကြောင့် ကာကွယ်ဆေးတွေရဲ့ ရောဂါခုခံနိုင်စွမ်းက မျိုးဗီဇကွဲအားလုံးကို မကာကွယ်နိုင်ကြောင်း ပြသရာရောက်နေပါတယ်။

ဒါပေမဲ့ ကိုဗစ်ကာကွယ်ဆေးထိုးနှံခြင်းက ရောဂါအခြေအနေဆိုးရွားလာမှုကိုတော့ ကောင်းစွာကာကွယ်ပေးနိုင်ဆဲဖြစ်ပါတယ်။ထွက်ပေါ်လာတဲ့ တွေ့ရှိချက်တွေအရ ကိုဗစ်ကာကွယ်ဆေးအပြည့်ထိုးပြီး ကိုဗစ်ရောဂါကူးစက်ဖူးတဲ့သူတွေဟာ နောင်ဖြစ်ပေါ်လာနိုင်တဲ့ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုတွေကို ကောင်းကောင်းကာကွယ်ပေးနိုင်မယ်လို့ မျှော်လင့်လို့ရနေပါတယ်။

ဒယ်လ်တာမျိုးဗီဇကွဲကူးစက်မှုကာလအတွင်း အော်ရီဂွန်ကျန်းမာရေးနဲ့ဆေးသိပ္ပံတက္ကသိုလ်မှ သုတေသီတွေက လေ့လာချက်ပြုလုပ်ရာမှာ ကိုဗစ်ကာကွယ်ဆေးထိုးပြီး ကိုဗစ်ရောဂါကူးစက်ခံရဖူးတဲ့သူတွေက ဒယ်လ်တာမျိုးဗီဇကွဲကူးစက်နိုင်ချေ အနည်းဆုံးဖြစ်နေကာ စွမ်းရည်မြင့်ခုခံနိုင်စွမ်းရရှိထားကြောင်း တွေ့ရှိခဲ့ပြီး ရောဂါထိန်းချုပ်ကာကွယ်ရေးစင်တာ CDC ကလည်း ထောက်ခံဖော်ပြထားပါတယ်။

အိုမီခရွန်နဲ့ပတ်သက်တဲ့ အချက်အလက်တွေက ခန့်မှန်းရခက်နေပေမယ့် ဩစတြီးယားမှ အစောပိုင်းသုတေသနပြုချက်အရ ကိုဗစ်ကာကွယ်ဆေးထိုးပြီး လတ်တလောကိုဗစ်ရောဂါကူးစက်ခံရတဲ့သူတွေမှာလည်း စွမ်းရည်မြင့်ရောဂါခုခံနိုင်စွမ်း ရရှိနိုင်ကြောင်း ယူဆလို့ ရပါတယ်။

အဆိုပါတွေ့ရှိချက်တွေကြောင့် ကိုဗစ်ရောဂါကူးစက်အောင် တမင်ဖန်တီးလုပ်ယူကြမှာကိုလည်း စိုးရိမ်နေရပြီး ကိုဗစ်ရောဂါပိုးကူးစက်မှုဟာ ခန့်မှန်းလို့ မရကြောင်း ဖိုင်ဘာ့ဂ်ဆေးပညာတက္ကသိုလ်မှ ဒေါက်တာရောဘတ်မာဖီက CNN ကို ပြောကြားသွားပါတယ်။

ကိုဗစ်ကာကွယ်ဆေးထိုးနှံခြင်းမရှိဘဲ ကိုဗစ်ရောဂါကူးစက်ခြင်းတစ်မျိုးတည်းဖြင့် စွမ်းရည်မြင့်ခုခံနိုင်စွမ်း မရရှိနိုင်တဲ့အပြင် ရောဂါကုသစရိတ်များပြားကာ ဝေဒနာခံစားရရုံသာ ရှိပါတယ်။

ဒယ်လ်တာကူးစက်မှုနှုန်းမြင့်မားခဲ့တဲ့ကာလအတွင်း ကိုဗစ်ကာကွယ်ဆေးထိုးထားပြီး ရောဂါကူးစက်ခံခဲ့ရသူတွေရဲ့ antibody ပမာဏဟာ ဖိုင်ဇာကိုဗစ်ကာကွယ်ဆေးဒုတိယအကြိမ် ထိုးထားတဲ့သူတွေရဲ့ antibody ပမာဏထက် ၁,၀၀၀ ရာခိုင်နှုန်း ပိုမိုများပြားပါတယ်။

"antibody ပမာဏများရုံတင်မက မျိုးဗီဇကွဲအမျိုးမျိုးကိုလည်း ချေဖျက်နိုင်စွမ်းရှိနေပါတယ်" လို အော်ရီဂွန်လေ့လာရေးမှ စာတမ်းပြုစုသူ ဖိုင်ကာဒူတက်ဖက်ဆ်က Insider ကို ပြောကြားလိုက်ပါတယ်။

"ကိုဗစ်ကာကွယ်ဆေးတွေကို နဂိုမူလဗိုင်းရပ်စ်ပုံစံအတိုင်း ကာကွယ်နိုင်အောင် ထုတ်လုပ်ထားတာပါ။ ကာကွယ်ဆေးထိုးပြီး ဒယ်လ်တာ ဒါမှမဟုတ် အိုမီခရွန်ကူးစက်ဖူးတယ်ဆိုရင်တော့ အမျိုးမျိုးသော antibody ခုခံနိုင်စွမ်းတွေကို ရရှိမှာဖြစ်ပါတယ်"
Source: Insider