#WorldHealth
Published - 25 January 2022


ကူးစက်နှုန်းမြင့် အိုမီခရွန်ကိုဗစ်မျိုးဗီဇကွဲတွေမှာ ထူးခြားလှတဲ့ ဗီဇပြောင်းလဲခြင်းဖြစ်စဉ် အမြောက်အများပါဝင်တာကြောင့် လူ့ခန္ဓာကိုယ်ထဲမှာ တည်ရှိနေပြီးသား ပဋိပစ္စည်းantibody တွေကို ရှောင်ရှားသွားနိုင်ကာ ဗိုင်းရပ်စ်ကူးစက်နှုန်းမြင့်မားစေကြောင်း မင်နီဆိုတာတက္ကသိုလ်မှ လေ့လာချက်အသစ်တစ်ခုမှာ တွေ့ရှိခဲ့ကြပါတယ်။

SARS-CoV-2 အိုမီခရွန်မျိုးဗီဇကွဲရဲ့ ထူးခြားတဲ့အင်္ဂါရပ်တွေနဲ့ antibody တွေအပေါ် သက်ရောက်မှုတွေကို Autoimmunity Journal မှာ ဖော်ပြထားပါတယ်။

အိုမီခရွန်မျိုးဗီဇကွဲရဲ့ စပိုက်ခ်ပရိုတိန်းမှာပါဝင်တဲ့ သန္ဓေဗီဇပြောင်းလဲမှု အချက်အလက်တွေကို သုတေသနအဖွဲ့က စုဆောင်းရှာဖွေခဲ့ကြပါတယ်။
စပိုက်ခ်ပရိုတိန်းဆိုတာက ဗိုင်းရပ်စ်ရဲ့ အပြင်ဆုံးအလွှာမျက်နှာပြင်ကနေ ထိုးထွက်နေတဲ့ ကြီးမားသောတည်ဆောက်ပုံကြီးဖြစ်ပြီး ကိုရိုနာဗိုင်းရပ်စ်ဆဲလ်ပုံစံအားလုံးနဲ့ အများဆုံးဆက်စပ်လျက်ရှိနေပါတယ်။

အိုမီခရွန်ရဲ့ စပိုက်ခ်ပရိုတိန်းမှာ သန္ဓေဗီဇပြောင်းလဲခြင်းတွေက မတွေ့ဖူးလောက်အောင်ကို ပြောင်းလဲနေကြောင်း သုတေသီတွေက တွေ့ရှိခဲ့ပါတယ်။
antibody တွေက လူ့ခန္ဓာကိုယ်ထဲရှိ ခုခံအားစနစ်သို့ ဝင်ရောက်လာတဲ့ ဗိုင်းရပ်စ်တွေကို တိုက်ထုတ်တားဆီးပေးပါတယ်။

ကိုဗစ်ကပ်ရောဂါအစပိုင်းမှာ ကိုဗစ်ရောဂါကူးစက်ခြင်း ဒါမှမဟုတ် ကိုဗစ်ကာကွယ်ဆေးထိုးခြင်းကြောင့် ရရှိလာတဲ့ antibody တွေဟာ ရောဂါပြန်လည်ကူးစက်မှုကို ကာကွယ်ပေးနိုင်မယ်လို့ ထင်ခဲ့ကြပေမယ့် အိုမီခရွန်ကူးစက်မှုမှာတော့ လူအများအပြား ရောဂါပြန်လည်ကူးစက်ခြင်းခံခဲ့ရသလို ကာကွယ်ဆေးထိုးထားတဲ့သူတွေမှာလည်း ကူးစက်ခံနေကြရပါတယ်။

သုတေသနအဖွဲ့က အိုမီခရွန်မျိုးဗီဇကွဲရှိ ထူးခြားတဲ့ သန္ဓေဗီဇပြောင်းလဲခြင်း ၄၆ မျိုးကို ရှာဖွေထုတ်ဖော်နိုင်ခဲ့ရာမှာ ၂၃ မျိုးက တမူထူးခြားနေတဲ့ ဗီဇပြောင်းလဲခြင်းတွေဖြစ်ပြီး အရင်ဗိုင်းရပ်စ်မျိုးဗီဇကွဲတွေမှာ မတွေ့ဖူးတဲ့ အရာတွေဖြစ်ပါတယ်။

ထိုဗီဇပြောင်းလဲခြင်းတွေထဲက ၂ မျိုးကတော့ ဒယ်လ်တာနဲ့ ဒယ်လ်တာပလပ်စ်မျိုးဗီဇကွဲတို့မှာ တွေ့ရှိဖူးပြီးသားဖြစ်ပါတယ်။

ဗီဇပြောင်းလဲမှု ၄၆ မျိုးထဲက ၃၀ မျိုးကတော့ စပိုက်ခ်ပရိုတိန်းမှာ တွေ့ရှိရပြီး ကျန်တဲ့ဗီဇပြောင်းလဲမှုတွေကတော့ ဗိုင်းရပ်စ်ဆဲလ်ရဲ့ အခြားနေရာတွေမှာ တွေ့ရှိရပါတယ်။

စပိုက်ခ်ပရိုတိန်းရဲ့ ဖွဲ့စည်းတည်ဆောက်ပုံအရ antibody က ဗိုင်းရပ်စ်ကို မတားဆီးနိုင်အောင်လုပ်ဆောင်ပြီး antibody တွေရဲ့ ရောဂါခုခံနိုင်စွမ်းကို ကျဆင်းအောင် ပြုလုပ်ပါတယ်။

အရင်ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကရတဲ့ ရောဂါခုခံနိုင်စွမ်းနဲ့ ကာကွယ်ဆေးတွေကရတဲ့ ရောဂါခုခံနိုင်စွမ်းတိုဟာ အခုနောက်ပိုင်းမှပေါ်ပေါက်လာတဲ့ အိုမီခရွန်မျိုးဗီဇကွဲရဲ့ သန္ဓေဗီဇပြောင်းလဲမှုတွေအတိုင်း လိုက်ပြီးကာကွယ်နိုင်စွမ်း မရှိတော့တာဖြစ်ပါတယ်။
Source: The Jerusalem Post