#WorldPolitics
Published 25 January 2022

 

ရုရှား-ယူကရိန်းပဋိပက္ခအကြား နှစ်နိုင်ငံနယ်စပ်အနီးတွင် ရုရှားတို့ဘက်က စစ်တပ်အင်အားဆက်လက်တိုးချဲ့လာတာကြောင့် အမေရိကန်တပ်ဖွဲ့ဝင် ၈,၅၀၀ ကို အထူးသတိပေးတပ်လှန့်ထားရကြောင်း အမေရိကန်တို့က တနင်္လာနေ့မှာ ပြောကြားလိုက်ပါတယ်။

 

ရုရှားဘက်က အန္တရာယ်ခြိမ်းခြောက်မှုပြုလာတဲ့အခါ အရှေ့ဥရောပမဟာမိတ်အဖွဲ့ဝင်တွေကို စစ်အင်အားဖြည့်တင်းပေးမယ့် နေတိုး(NATO)တပ်ဖွဲ့ရဲ့ တုန့်ပြန်လှုပ်ရှားမှုတွေမှာ အဆိုပါတပ်ဖွဲ့ဝင် ၈,၅၀၀ က စစ်ကူထောက်ပံ့ပေးနိုင်မှာဖြစ်ကြောင်း ပန်တဂွန်မှ ပြောရေးဆိုခွင့်ရှိသူ ဂျွန်ကာဘီက ပြောကြားခဲ့ပါတယ်။

 

"ရုရှားတို့က အခုအချိန်မှာ အခြေအနေတင်းမာမှုတွေကို မလျှော့ချချင်ဘူးဆိုတာ ပေါ်လွင်နေပါတယ်" လို့ ကာဘီက ဆိုလိုက်ပြီး တပ်ဖွဲ့ဝင်တွေကို သတိပေးတပ်လှန့်ထားကြောင်း ကြေညာလိုက်ပါတယ်။

 

ဒီတပ်ဖွဲ့ဝင်အများစုက မြေပြင်တပ်ဖွဲ့တွေနဲ့ ထောက်ပံ့ရေးတပ်ဖွဲ့တွေဖြစ်ပြီး တပ်ဖြန့်ဖို့အမိန့်ပေးလိုက်ပါက ၅ ရက်အတွင်း အသင့်ထွက်ခွာနိုင်ရန် မှာကြားထားကြောင်း ဆိုပါတယ်။

 

"ကျွန်တော်တို့နိုင်ငံ၊ ကျွန်တော်တို့မဟာမိတ်တွေ မိတ်ဖက်တွေကို ရုရှားက ထိခိုက်နစ်နာအောင်လုပ်မယ်ဆိုရင် သူတိုရဲ့အမျိုးသားရေးအကျိုးစီးပွားကို အခိုင်အမာကာကွယ်သွားမှာဖြစ်ပါတယ်" လို့ ကာဘီက ပြောသွားပါတယ်။

 

နေတိုးတုန့်ပြန်လှုပ်ရှားရေးတပ်ဖွဲ့က စတင်လှုပ်ရှားပြီဆိုတာနဲ့ ရုရှားနယ်စပ်နားက နေတိုးမဟာမိတ်တပ်ဖွဲ့အင်အားကို ထောက်ပံ့ဖို့ အမေရိကန်တပ်ဖွဲ့ဝင်တွေကို နေရာချသွားမှာဖြစ်ပါတယ်။

 

ဒီတပ်ဖွဲ့ဝင်အများစုက နေတိုးတုန့်ပြန်လှုပ်ရှားရေးတပ်ဖွဲ့ကို ကူညီဖို့ နေရာချထားတာဖြစ်ပါတယ်။
အမေရိကန်တပ်ဖွဲ့ဝင်တွေကို အခြားကိစ္စရပ်တွေအတွက်လည်း နေရာချထားနိုင်ကြောင်း အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိက်ဩစတင်က ဆိုပါတယ်။

 

"ယူကရိန်းကို ခြိမ်းခြောက်မှုတွေဆက်လုပ်နေပြီး ယူကရိန်းပိုင်နက်ကို ကျူးကျော်ဝင်ရောက်ဖို့ ကြိုးပမ်းနေတဲ့ ရုရှားတို့ရဲ့လုပ်ရပ်က ဥရောပတိုက်မှာ အခြေအနေတင်းမာမှုတွေ ပိုဖြစ်လာစေနိုင်ပါတယ်" လို့ ကာဘီက သုံးသပ်လိုက်ပါတယ်။

 

"နေတိုးတပ်ဖွဲ့အရှေ့ဘက်ခြမ်းမှ လိုအပ်တဲ့စစ်ကူအင်အားအတိုင်း ထောက်ပံ့ကူညီသွားဖို့ ကျွန်တော်တို့လုံးဝကတိပြုပါတယ်" ရုရှားအိမ်နီးချင်း ဘီလာရုစ်နိုင်ငံအပါအဝင် ယူကရိန်းနယ်စပ်အနီးတို့မှာ ရုရှားတို့က စစ်အင်အားကို ဆက်လက်တိုးမြင့်နေရာချလျက် ရှိနေပါတယ်။

 

ယူကရိန်းကို တိုက်ခိုက်လို့ရလောက်တဲ့ အကွာအဝေးလောက်ကနေ ရုရှားစစ်အင်အား ၁ သိန်းကျော်နဲ့ လက်နက်ကြီးတွေကို နေရာချထားပါတယ်။

 

"ကျွန်တော်တို့ အနီးကပ်ကို သေချာစောင့်ကြည့်နေပါတယ်။ ရုရှားနိုင်ငံအနောက်ဘက်နဲ့ ဘီလာရုစ်တို့မှာ သူတို့ရဲ့စစ်အင်အားဘယ်လောက်ရှိလဲ၊ ဘာတွေထပ်တိုးချဲ့နေသလဲဆိုတာတွေကို ရှင်းရှင်းလင်းလင်းမြင်နေရအောင် စောင့်ကြည့်ထားပါတယ်" လို့ ကာဘီကဆက်လက်ပြောကြားသွားပါတယ်။

Source: AFP
#Yangon_Media_Group