#WorldHealth
Published - 21 January 2022
ကျန်းမာရေးကောင်းမွန်တဲ့ ကလေးတွေနဲ့ ဆယ်ကျော်သက်လူငယ်လေးတွေမှာ booster အားမြှင့်ကိုဗစ်ကာကွယ်ဆေးထိုးဖို့ လိုအပ်တယ်ဆိုတဲ့ အထောက်အထားမျိုး မတွေ့ရသေးဘူးလို့ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းမှ သိပ္ပံပညာရှင်ကြီး ဆူမီယာဆွာမီနာသန်က အင်္ဂါနေ့က ပြောကြားလိုက်ပါတယ်။

အိုမီခရွန်မျိုးဗီဇကွဲပျံ့နှံနေတဲ့အချိန်မှာပဲ ကိုဗစ်ကာကွယ်ဆေးထိုးလို့ရရှိထားတဲ့ ရောဂါခုခံအားက အချိန်ကြာလာတာနဲ့အမျှ အာနိသင်လျော့နည်းလာနေပြီဖြစ်ပေမယ့် booster အားမြှင့်ကာကွယ်ဆေးထိုးဖို့ လိုအပ်သလားဆိုတာကိုတော့ ဆက်လက်လေ့လာစမ်းသပ်သွားရဦးမယ်လို့ မီဒီယာရှင်းလင်းပွဲတစ်ခုမှာ ပြောကြားသွားပါတယ်။

ကျန်းမာရေးကောင်းမွန်တဲ့ ကလေးတွေနဲ့ ဆယ်ကျော်သက်လူငယ်တွေမှာ booster အားမြှင့်ကာကွယ်ဆေးထိုးဖို့ လိုအပ်ကြောင်းအထောက်အထားတွေ မတွေ့သေးဘူးလို့ အဆိုပါသိပ္ပံပညာရှင်က ဆိုပါတယ်။
အစ္စရေးလ်မှာ အသက် ၁၂ နှစ်ဝန်းကျင်ကလေးတွေကို booster အားမြှင့်ကာကွယ်ဆေးတွေ စတင်ထိုးနှံနေပြီဖြစ်ပြီး အမေရိကန်အစားအစာနဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့ကလည်း ယခုလအတွင်း အသက် ၁၂ နှစ်မှ ၁၅ နှစ်ကြားကလေးတွေမှာ ဖိုင်ဇာ-ဘိုင်အိုတက်ခ်ကာကွယ်ဆေး တတိတအကြိမ်ထိုးပေးဖို့ ခွင့်ပြုလိုက်ပြီဖြစ်ပါတယ်။

အခုနောက်ဆုံးအနေနဲ့ ဂျာမနီနဲ့ ဟန်ဂေရီနိုင်ငံတို့မှာလည်း အသက် ၁၂ နှစ်မှ ၁၇ နှစ်ကြားကလေးအားလုံးမှာ booster အားမြှင့်ကိုဗစ်ကာကွယ်ဆေးထိုးဖို့ အကြုံပြုထားပါတယ်။ဘယ်လိုနိုင်ငံမျိုးတွေမှာ ပြည်သူလူထုကို booster အားမြှင့်ကာကွယ်ဆေး ထိုးပေးဖို့လိုအပ်သလဲဆိုတဲ့ အကြောင်းအရာနဲ့ပတ်သက်ပြီး WHO မှ ထိပ်သီးပညာရှင်များအဖွဲ့က ဒီတစ်ပတ်အတွင်း ‌တွေ့ဆုံဆွေးနွေးသွားမှာဖြစ်ကြောင်း ဆွာမီနာသန်က ပြောပါတယ်။

"အခုအချိန်မှာ အရေးကြီးတာက ရောဂါကူးစက်နိုင်ချေမြင့်မားပြီး အသက်အန္တရာယ်အရှိဆုံးသူတွေ၊ သက်ကြီးရွယ်အိုတွေ၊ ရောဂါအခံရှိပြီး ကိုယ်ခံအားချို့တဲ့သူတွေ၊ ကျန်းမာရေးဝန်ထမ်းတွေကို ကာကွယ်ပေးနိုင်ဖို့ဖြစ်ပါတယ်"
Source: Reuters