Published 21 Januarty 2022

ဘေဂျင်း၂၀၂၂လို့ အများသိကြတဲ့ ၂၀၂၂ ဆောင်းရာသီအိုလံပစ်ပွဲတော်ကို ၂၀၂၂ခုနှစ် ဖေဖော်ဝါရီ(၄)ရက်မှ (၂၀)ရက်အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ‌ ဘေဂျင်းမြို့တော်မှာ ကျင်းပတော့မှာဖြစ်ပါတယ်။

၂၀၂၂ ဆောင်းရာသီအိုလံပစ်ပွဲတော်ရဲ့ တရားဝင်အခေါ်အဝေါ်ကတော့ ၁၄ကြိမ်မြောက် အိုလံပစ်ဆောင်းရာသီအားကစား   ပြိုင်ပွဲများ ဆိုတာပဲဖြစ်ပါတယ်။ ဘေဂျင်းမှာကျင်းပမယ်ဆိုပေမယ့် ဘေဂျင်းအပြင် ဘေဂျင်းမြိုတေ့်ာအနီးက ယန်ကင်း Yanqingနှင့် ချောင်လီ Chongli တို့မှာလည်း အချို့ပွဲတွေကို ကျင်းပသွားပါလိမ့်မယ်။

ဘေဂျင်းကိုရွေးချယ်ခဲ့ခြင်း

၁၂၈ကြိမ်မြောက် နိုင်ငံတကာအိုလံပစ်ကောင်စီအစည်းအဝေးကို ၂၀၁၅ခုနှစ် ဇူလိုင်လက ကွာလာလမ်ပူမှာကျင်းပခဲ့ပါတယ်။ အဲဒီအစည်းအဝေးကနေ  အိမ်ရှင်အဖြစ်ကျင်းပမယ့်မြို့တော်အဖြစ် ဘေဂျင်းကို ရွေးချယ်ပေးခဲ့ကြတာပါ။  တရုတ်ပြည်သူ့  သမ္မတနိုင်ငံအဖို့တော့ ဒါဟာ ပထမဆုံးကျင်းပခွင့်ရတဲ့ဆောင်းတွင်း အိုလံပစ်ပွဲတော်ဖြစ်ပါတယ်။  တရုတ်နိုင်ငံဟာ ၂၀၀၈ခုနှစ် တုန်းက နွေရာသီအိုလံပစ်အားကစားပွဲတော်ကို ကျင်းပခဲ့ပြီး အဲဒီပွဲတုန်းက အသုံးပြုခဲ့တဲ့ မိုးလုံလေလုံအားကစားကွင်း(၄)ခုကို ယခုဆောင်းရာသီအိုလံပစ်ပွဲတော်မှာ ဆက်လက်အသုံးပြုမယ်လို့သိရပါတယ်။

ဘင်းဒွင်းဒွင်း Bing Dwen Dwen

ဒီနှစ်ဘေဂျင်းဆောင်းရာသီအိုလံပစ်အားကစားပွဲတော်အတွက် ရွေးချယ်အသုံးပြုနေတဲ့ လာဘ်ကောင်ရုပ် mascot ကတော့ ဘင်းဒွင်းဒွင်းလို့ခေါ်တဲ့ ပန်ဒါဝက်ဝံရုပ်ကလေးပါ။ တရုတ် မန်ဒရင်းဘာသာအရ ဘင်းဆိုတာ  အဓိပ္ပါယ်အများကြီးရှိပေမယ့် အသိအများဆုံးကတော့ ရေခဲဆိုတဲ့ အဓိပ္ပါယ်ပါ။ပြီးတော့ သန့်ရှင်းစင်ကြယ်ခြင်းနှင့်အင်အားရှိခြင်းကိုလည်း ကိုယ်စားပြု ပါတယ်။ဒွင်းဒွင်းရဲ့ အဓိပ္ပါယ်ကတော့ သန်စွမ်းရှင်သန်ခြင်းပါ။ ပြီးတော့ ကလေးငယ်တွေကိုလည်း ကိုယ်စားပြုပါတယ်။

အဲဒါကြောင့် ဒီဘင်းဒွင်းဒွင်းပန်ဒါလေးဟာ အားကစားသမားတွေရဲ့ အင်အားနှင့်စိတ်စွမ်းအားတွေကို ထင်ဟပ်စေတဲ့ အပြင် အိုလံပစ်စိတ်ဓာတ်ကိုပါ မြှင့်တင်ပေးစေပါတယ်လို့ ပြိုင်ပွဲစီစဉ်သူတွေက ပြောပါတယ်။

ဘင်းဒွင်းဒွင်းကလေးကို အာကာသယာဉ်မှူးတွေဝတ်ဆင်တဲ့ ဝတ်စုံနှင့်ဆင်တူတဲ့ ရေခဲအခွံတစ်ခုနှင့် အပြည့်ကာပေးထား ပါတယ်။ အဲဒါကြောင့်လည်း ဒါဟာ နည်းပညာသစ်ကို တင်စားတဲ့သဘောဖြစ်နေပါတယ်။

ဘေဂျင်းဆောင်းတွင်းအိုလံပစ်ရဲ့ လာဘ်ကောင်ဒီဇိုင်းအတွက် တရုတ်နိုင်ငံအပါအဝင် နိုင်ငံပေါင်း ၃၅နိုင်ငံက ပြိုင်ပွဲဝင် လက်ရာပေါင်း ၅၈၀၀ခုလက်ခံရရှိခဲ့ကြပြီး  တရုတ်နှင့်နိုင်ငံတကာပညာရှင်တွေက အနှစ်သက်ဆုံးလက်ရာကို လွန်ခဲ့တဲ့(၂)နှစ် ကျော်ကတည်းက ရွေးချယ်ပေးခဲ့ကြပါတယ်။ပန်ဒါကလေးကို ရွေးချယ်ခဲ့တာကလည်း အံအားသင့်စရာတော့  မဟုတ်ပါဘူး။ ပန်ဒါဟာ အိမ်ရှင်တရုတ်နိုင်ငံရဲ့ အမျိုးသား တိရိစ္ဆာန်ဖြစ်နေလို့ပါ။

ဘင်းဒွင်းဒွင်းကို ဖန်တီးပေးတဲအဖွဲ့ရဲ့ ဒီဇိုင်နာချုပ်ကတော့ Cao Xue ပဲဖြစ်ပါတယ်။သူဟာ နန်ကျင်းဇာတိဖြစ်ပြီး ကွမ်ကျိုး ပန်းချီကျောင်းက ပါမောက္ခတစ်ဦးပါ။သူနှင့်သူ့အဖွဲ့သားတွေဟာ နောက်ဆုံးမှာ ဇာတ်ကောင်းသုံးရုပ်ကို ဆန်ကာတင်ရွေးခဲ့ ပါတယ်။ အဲဒီသုံးရုပ်ထဲက ဘယ်ဟာအကောင်းဆုံးဖြစ်မယ်ဆိုတာအတွက် သူက အသက်(၉)နှစ်အရွယ်သူ့သားကိုရွေးခိုင်း တဲ့အခါ သားက ဘင်းဒွင်းဒွင်းကိုလက်ညှိုးထိုးပြခဲ့ပါတယ်လို့ဆိုပါတယ်။

ယှဉ်ပြိုင်ကြမယ့် ကစားနည်းတွေ

ဘေဂျင်းအိုလံပစ်မှာ အားကစားနည်း(၇)မျိုးမှ ခေါင်းစဉ်(၁၅)မျိုးအောက်တွင် ဝင်ရောက်ယှဉ်ပြိုင်ကြရမှာဖြစ်ပါတယ်။ ဆောင်းရာသီအိုလံပစ်    အားကစားပွဲတော်ဆိုတဲ့အတိုင်း ပါဝင်ယှဉ်ပြိုင်ကြရမယ့် အားကစားပွဲတွေဟာ နှင်းထုနှင့်ရေခဲပြင်   အခြေပြုကစားကြရတဲ့ အားကစားပွဲတွေပါ။

အဲဒီပြိုင်ပွဲဝင်ရမယ့်အားကစားခေါင်းစဉ်တွေကတော့ နှင်းလျောစီးပြိုင်ပွဲ ၊Bobsleigh ရေခဲပြင်လှည်းလျှောစီးပြိုင်ပွဲ၊ Biathlon ရေခဲလျောစီးသေနတ်ပစ်၊ နိုင်ငံဖြတ်ကျော်ရေခဲပြင် လျှောစီး၊Curling ရေခဲပြင်ဒိုးပစ်ပြိုင်ပွဲ၊အလွတ်စတိုင်နှင်းလျောစီးပြိုင်ပွဲ၊  ပြဋ္ဌာန်းပုံစံစကိတ်စီးပြိုင်ပွဲ၊စနိုးဘုတ်ပြိုင်ပွဲ၊နှင်းလျောစီးခုန်ပြိုင်ပွဲ၊အမြန်နှင်းလျောစီးပြိုင်ပွဲနှင့် တာတိုအမြန်စကိတ်စီးပြိုင်ပွဲ တို့ဖြစ်ကြပါတယ်။

ဘေဂျင်းအိုလံပစ်ရဲ့ထူးခြားချက်က နည်းပညာပိုင်းပံ့ပိုးထားမှုအချို့ဖြစ်ပါတယ်။ အဲဒီအထဲမှာ ကစားကွင်းထဲမှာ ရေတွေခဲဖို့ Transcritical ကာဘွန်ဒိုင်အောက်ဆိုက် အေးခဲစနစ်၊ ရာနှုန်းပြည့် စိမ်းလန်းသော လျှပ်စစ်ဓာတ်အား၊ ၁၈၀ဒီဂရီလွတ်လွပ်စွာ ကြည့်ရှုနိုင်သော စနစ်နှင့် Cloud နည်းပညာသုံးရုပ်သံလွှင့်နည်းပညာတွေပါဝင်ပါတယ်။ ဒါဟာ နည်းပညာသစ်တွေနှင့်အတူ  ကမ္ဘာလုံးဆိုင်ရာ ပတ်ဝန်းကျင်စောင့်ရှောက်ထိန်းသိမ်းမှုကို နမူနာပြသလိုက်ခြင်းလည်းဖြစ်ပါတယ်။

ဇီးပွင့်ရဲ့ရနံ့ခံစားနိုင်ခြင်း

တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ၊တရုတ်ကွန်မြူနစ်ပါတီ အထွေထွေအတွင်းရေးမှူး ရှီကျင့်ဖျင်ဟာ ဘေဂျင်းဆောင်းတွင်း  အိုလံပစ်အားကစားပွဲရဲ့ အောင်မြင်မှုအပေါ် ယုံကြည်မှုရှိနေပါတယ်။သူက ပွဲမကျင်းပခင် တစ်လအလို ဇန်နဝါရီ(၄)ရက်နေ့မှာ ဘေဂျင်းမှာရှိတဲ့ ဆောင်းတွင်း အိုလံပစ် ကျေးရွာကို သွားရောက်စစ်ဆေးခဲ့ပါတယ်။  ပြီးခဲ့တဲ့ငါးနှစ်အတွင်း  ယခုအကြိမ်ဟာ သူ့ရဲ့ငါးကြိမ်မြောက် ရောက်ရှိခြင်းဖြစ်ပါတယ်။

သူက အိုလံပစ်ပွဲတော်ကျင်းပနိုင်ရေး ဆောင်ရွက်နေသူတွေကို ချီးကျူးလိုက်ပြီး” ကမ္ဘာကြီးအတွက် ထူးခြားပြောင်မြောက်ပြီး အကောင်းဆုံးဖြစ်မယ့် အိုလံပစ်အားကစားပွဲကို ဆောင်ကြဉ်းပေးနိုင်လိမ့်မယ်လို့ ယုံကြည်မှုအပြည့်အဝရှိတယ်” လို့ ခရီးစဉ် အတွင်း ပြောကြားလိုက်ပါတယ်။အဲဒီအပြင် တရုတ်လူမျိုးတွေရဲ့ ပျုငှာတဲ့ယဉ်ကျေးမှုနှင့် ရေခဲပြင်နှင့်နှင်းအားကစားတွေမှာ တိုးတက်ဖြစ်ထွန်းမှုတွေကို ကမ္ဘာကိုပြသခွင့်ရလိမ့်မယ်လို့လည်း ရှီက ဆက်ပြောခဲ့ပါတယ်။

အေးခဲမှုဒဏ်..ခံနိုင်သူသာ၊ ဇီးပွင့်ရဲ့ရနံ့ ခံစားနိုင်စေမှာ” ဆိုပြီး ရှီက ကဗျာတစ်ပိုင်းတစ်စရွတ်ဆိုကာ ပြိုင်ပွဲဝင်မယ့် တရုတ်  အားကစားသမားတွေကို ဂုဏ်ပြုခဲ့သေးတယ်လို့ တရုတ်နေ့စဉ်သတင်းစာက ရေးသားပါတယ်။

“ယနေ့မျက်မှောက်ကာလဟာ မသေချာမရေရာမှုတွေအမျာကြီးနှင့် ထိဆတ်လွယ်နေတဲ့ကမ္ဘာကြီးပါ။ အိုလံပစ်အားကစား ပွဲတွေဟာ ကျွန်တော်တို့ရဲ့ မတူကွဲပြားမှုတွေအားလုံးထဲမှာ လူသားမျိုးနွယ်အားလုံးအတွက် ယုံကြည်မျှော်လင့်ခြင်း၊ငြိမ်းချမ်း  ခြင်းနှင့် သွေးစည်းညီညွတ်ခြင်းတို့ ရဲ့ စွမ်းအားကြီးမားတဲ့ သင်္ကေတအဖြစ်ထက် ပိုပါတယ်” လို့ နိုင်ငံတကာ အိုလံပစ်ကော်မတီ ဥက္ကဋ္ဌ သောမတ်စ်ဘက်ချ်က ပြောပါတယ်။

“ ဘေဂျင်း၂၀၂၂၊အိုလံပစ်ဆောင်းရာသီအားကစားပွဲတွေဟာ ငြိမ်းချမ်းခြင်း၊သွေးစည်းညီညွတ်ခြင်းနှင့် ချစ်ကြည်ခြင်းစိတ်ဓာတ်  တွေနှင့် တစ်ကမ္ဘာလုံးအတူတကွဆုံစည်းကြတဲ့ အခါသမယဖြစ်ပါတယ်။ ဆောင်းရာသီအားကစားပြိုင်ပွဲဝင်တွေကို တရုတ်က ကြိုဆိုတဲ့အခါ ဒီစိတ်ထက်သန်ပြင်းပြမှုတွေကို ကမ္ဘာကြီးတစ်ခုလုံးက မြင်တွေ့ကြရလိမ့်မယ်” လို့ သူက ပြောပါတယ်။

ကိုဗစ်ကာကွယ်ရေးအတွက် တင်းကျပ်သည့် Closed Loop Management

ဘေဂျင်းဆောင်းရာသီအိုလံပစ်ကျင်းပတဲ့အချိန်ဟာ တရုတ်ပြည်အပါအဝင် တကမ္ဘာလုံးမှာ ကိုဗစ်-၁၉ ကပ်ရောဂါအရှိန်ရဆဲ ကာလဖြစ်ပြီး အထူးသဖြင့် ကူးစက်မှုမြန်လွန်းတဲ့ အိုမီခရွန်မျိုးဗီဇကွဲပျံ့နှံ့ကူးစက်နေတဲ့အချိန်လည်းဖြစ်ပါတယ်။ အဲဒါကြောင့် ဘေဂျင်းဆောင်းရာသီအိုလံပစ်အားကစားပွဲတော်ကို ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး စည်းကမ်းစံနှုန်းတွေနှင့် ကျင်းပနိုင်ရေး အတွက် တရုတ်အစိုးရက ကြိုတင်စီမံဆောင်ရွက်ထားရှိတယ်လို့သိရပါတယ်။

အဲဒါကို တရုတ်တို့က အပိတ်ကွင်း စီမံခန့်ခွဲမှု Closed Loop Managementလို့ အမည်ပေးထားကြပါတယ်။ ဆိုလိုတာကတော့ အိုလံပစ်အားကစားပြိုင်ပွဲဝင်တွေနှင့် စီမံခန့်ခွဲသူအဆင့်ဆင့်ဟာ သက်ဆိုင်ရာ အဝန်းအဝိုင်းကလေးတွေထဲမှာပဲ ကန့်သတ်  လှုပ်ရှားကြရအောင် စီစဉ်ထားတာပါ။ အဲဒီအတွက် ဘေဂျင်းကိုမရောက်ခင်ကနေ ထွက်ခွာတဲ့အဆင့်အထိ အဆင့်တိုင်းမှာ လိုက်နာရမယ့် ကိုဗစ်-၁၉ ကာကွယ်ရေး စည်းမျဉ်းတွေကို ရေးဆွဲထားတာတွေ့ရပါတယ်။ အကယ်၍ ကူးစက်မှုတွေ့ခဲ့ရင် အရေးပေါ်ဆောင်ရွက်ရမယ့် လုပ်ငန်းစဉ်တွေကိုပါ အဆိုပါ စနစ်မှာ ထည့်သွင်းထားပါတယ်။ တိုကျိုမှာ မနှစ်ကကျင်းပခဲ့တဲ နွေရာသီအိုလံပစ်ထက် စည်းကမ်းတွေပိုတင်းကြပ်ထားတယ်လို့လည်းဆိုပါတယ်။

ဘေဂျင်းဆောင်းရာသီအိုလံပစ်ပွဲမှာ အားကစားပွဲကာလအတွင်း  တင်းကျပ်တဲ့ ထိန်းချုပ်မှုတွေနှင့် စည်းမျဉ်းတွေကြောင့်  ကိုဗစ်-၁၉ ကူးစက်မှုတွေ ဖြစ်လာလိမ့်မှာမဟုတ်ဘူးလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးရဲ့ အမှုဆောင်ညွှန်ကြားရေးမှူး မိုက်ကယ်လ် ရွိုင်းက ယုံကြည်မှုအပြည့်နှင့်ပြောခဲ့ပါတယ်။

အဆင်သင့်ဖြစ်နေသော ဘေဂျင်းအိုလံပစ်

ယခုဆိုရင် ကမ္ဘာတစ်လွှားက ပြိုင်ပွဲဝင်တွေဟာ ဘေဂျင်းဆောင်းရာသီအိုလံပစ်အားကစားပွဲတွေမှာ ဝင်ရောက်ဆင်နွှဲကြဖို့ အဆင်သင့်ဖြစ်နေကြပါပြီ။ ၂၀၂၂ခုနှစ် ဇန်နဝါရီ(၁)ရက်အထိ  ဘေဂျင်းဆောင်းရာသီအိုလံပစ်မှာ နိုင်ငံပေါင်း ၈၈နိုင်ငံက ဝင်ရောက်ယှဉ်ပြိုင်ကြဖို့ ရှိနေပါတယ်။ ပြိုင်ပွဲဝင်အားကစားသမားစုစုပေါင်း၂၉၂၂ ဦးက အားကစားပွဲပေါင်း ၁၀၉ပွဲမှာ ယှဉ်ပြိုင် ဖို့ စာရင်းပေးသွင်းထားကြပါတယ်။ ဖေဖော်ဝါရီ(၄)ရက်မှာ ဖွင်ပွဲနှင့် ဖေဖော်ဝါရီ (၂၀)ရက်နေ့မှာပိတ်ပွဲတွေကို ဘေဂျင်းအမျိုးသား အားကစားရုံကြီးမှာ ကျင်းပသွားဖို့စီစဉ်ထားပါတယ်။

ရုရှားသမ္မတ ပူတင်က “ သွေးစည်းညီညွတ်ကြောင်း” ပြသတဲ့အနေနှင့် သူကိုယ်တိုင် ဘေဂျင်းဆောင်းရာသီအိုလံပစ်ပွဲတော်ဖွင့်ပွဲကို တက်ရောက်မယ်လို့ အတည်ပြုပြောကြားထားပါတယ်။  ရုရှားသမ္မတပူတင်နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလက ခေါင်းဆောင်နှစ်ဦး တယ်လီဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးကြစဉ်မှာ ပူတင်က ထပ်လောင်းအတည်ပြုခဲ့တာဖြစ်ပါတယ်။

ယမန်နှစ်နိုဝင်ဘာလက  ရောမမှာပြုလုပ်တဲ့ ဂျီ-၁၂ ခေါင်းဆောင်များထိပ်သီးအစည်းဝေးမှာ ဘေဂျင်းဆောင်းရာသီ အိုလံပစ်ကို တစ်ကမ္ဘာလုံးက အားကစားသမားတွေယှဉ်ပြိုင်နိုင်မယ့် အခွင့်အလမ်းတွေဖြစ် ကြိုဆိုတယ်လို့ ကြေညာချက်ထဲမှာ ထည့်သွင်းထုတ်ပြန်ခဲ့ပါတယ်။

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်အန်တိုနီယိုဂူတာရတ်စ်ကလည်း ဘေဂျင်းဆောင်းရာသီအိုလံပစ်ပွဲတော် ဖွင့်ပွဲကို သူတက်ရောက်မယ်လို့ ဇန်နဝါရီ(၁၃)ရက်နေ့ကကြေညာခဲ့ပါတယ်။ အမေရိကန်၊ဗြိတိန်တို့နှင့်ဆန့်ကျင်စွာ ကုလသမဂ္ဂရဲ့ အကြီးအကဲရဲ့ ယခုကြေညာချက်ဟာ ထူးခြားနေပါတယ်။

“ အိုလံပစ်အားကစားပွဲဟာ အရေးသိပ်ကိုကြီးတဲ့ အခမ်းအနားတစ်ခုဖြစ်တယ်။ လူတွေအားလုံးအတူတကွလာရောက်ပြီး ငြိမ်းချမ်းရေးကို တိုးမြှင့်ပေးတဲ့ အားကစားရဲ့ အခန်းကဏ္ဍတစ်ခုရဲ့ သင်္ကေတလည်းဖြစ်တယ်” လို့ သူကပြောပါတယ်။

“ ဖွင့်ပွဲအခမ်းအနားကို ကျွန်တော်ဟာ ဘာနိုင်ငံရေးရှုထောင့်မှမပါဘဲ အိုလံပစ်အားကစားပွဲဟာ ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် တန်ဆာပလာတစ်ခုဖြစ်ရမယ်ဆိုတဲ့ သတင်းစကားနှင့်အတူ တက်ရောက်ဖို့ ရည်ရွယ်ထားတယ်” လို့ ကုလသမဂ္ဂအထွေ ထွေအတွင်းရေးမှူးချုပ်က ဖြည့်စွက်ပြောပါတယ်။

ခမ်းနားထည်ဝါလှသည့် စိတ်လှုပ်ရှားစရာဖွင့်ပွဲ

တကမ္ဘာလုံးကို အာရုံစိုက်စေမှာကတော့ ဘေဂျင်းဆောင်းရာသီအိုလံပစ်ရဲ့ ခမ်းနားကြီးကျယ်လှတဲ့ ဖွင့်ပွဲပဲဖြစ်ပါတယ်။ အဲဒီ ဖွင့်ပွဲကြီးကို ကမ္ဘာကျော်တရုတ်ဒါရိုက်တာ ကျောက်ယင်မူးက ဦးဆောင်ပြီး ဖန်တီးတင်ဆက်ပေးပါလိမ့်မယ်။

ကမ္ဘာကြီးမှာ ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးက မြင့်တက်နေတဲ့အချိန်မှာ ကမ္ဘာလုံးဆိုင်ရာ စိတ်ဝိဉာဉ်တွေကို မြှင့်တင်ပေးဖို့ ရည်ရွယ်ထားတယ်လို့ သူကပြောပါတယ်။

ဖေဖော်ဝါရီ(၄)ရက်ဖွင့်ပွဲအခမ်းအနားမှာဖျော်ဖြေတင်ဆက်သူ ၃၀၀၀ဦးခန့်က  အဓိက အာဘော်(၃)ခုကို အသားပေး    တင်ပြမယ်လို့ဆိုပါတယ်။အဲဒါတွေကတော့ တရုတ်နိုင်ငံရဲ့ ပြင်းပြဆန္ဒဖြစ်တဲ့ ကမ္ဘာ့ငြိမ်းချမ်းရေး၊ အိုလံပစ်ရဲ့ ဆောင်ပုဒ်ဖြစ်တဲ့ “ပိုမြန်၊ပိုမြင့်၊ပိုသန်၊အတူတကွ” နှင့် ဘေဂျင်းဆောင်းရာသီအိုလံပစ်ရဲ့ ဆောင်ပုဒ်ဖြစ်တဲ့ “ တူမျှအနာဂတ်အတွက် အတူတကွ” ဆိုတာတွေပဲဖြစ်တယ်လို့သိရပါတယ်။ ဖျော်ဖြေတင်ဆက်မှု အစအဆုံးက မိနစ်၁၀၀ခန့် (တစ်နာရီ၄၀မိနစ်) ကြာမြင့်လိမ့်ယ်လို့လည်းဆိုပါတယ်။

“ ကပ်ဘေးဖြစ်နေတဲ့အချိန်မှာ ကမ္ဘာကြီးဟာ သစ်လွင်အားကောင်းတဲ့ မြော်မြင်မှုတွေလိုအပ်နေတယ်။ ကမ္ဘာပေါ်က ပြည်သူတွေ အခက်အခဲတွေကို အတူတကွရင်ဆိုင်ဖြေရှင်းကြဖို့နှင့် တောက်ပတဲ့ အနာဂတ်ကို ရှေးရှုဖို့ လာရောက်ကြတယ်” လို့ ဒါရိုက်တာကျောက်ယင်မူးက ပြောပါတယ်။

သူဟာ ၂၀၀၈ခုနှစ် ဘေဂျင်းအားကစားပွဲဖွင်ပွဲရဲ့ ရှုမငြီးစရာကောင်းလှတဲ့ မြင်ကွင်းအလှတွေကို စိတ်ကူးပုံဖော်ပေးခဲ့သူဖြစ်လို့ ယခုလာမယ့်ဖွင့်ပွဲဟာလည်း အားကစားပရိသတ်တွေတင်မကဘဲ ဖျော်ဖြေရေးကို နှစ်သက်ကြသူ သန်းပေါင်းများစွာသော ပရိသတ်တွေအတွက် မျှော်လင့်ရင်ခုန်စရာတစ်ခုဖြစ်နေတာကတော့ အသေအချာပဲဖြစ်ပါတယ်။ ဖွင်ပွဲအခမ်းအနားနှင့် အိုလံပစ်အားကစားပွဲတွေကို ကြည့်ရှုနိုင်မယ့် ရုပ်သံလိုင်းတွေကိုတော့ နိုင်ငံအလိုက်စာရင်းပြုစုပြီး olympics.com ရဲ့ ဝက်ဘ်ဆိုက်မှာ တင်ထားပါတယ်။ တရုတ်နိုင်ငံမှာ CCTVကနေပြသမှာဖြစ်လို့ မြန်မာနိုင်ငံအနေနှင့်လည်း CCTVရုပ်သံလိုင်းကနေ ကြည့်ရှုနိုင်ခွင့်ရကြပါလိမ့်မယ်။  BBC ကလည်း BBC1 နှင့်  BBC 2ချယ်နယ်လ်တွေမှာ နာရီပေါင်း ၃၀၀ကျော် တိုက်ရိုက်ထုတ်လွှင့်မယ်လို့ကြေညာပါတယ်။

微信图片 20220121121646

ကမ္ဘာ့ကိုဗစ်ကပ်ဘေးနှင့်ကြုံနေရချိန်မှာ ကျင်းပရတဲ့ ကမ္ဘာလုံးဆိုင်ရာ ထိပ်တန်းအားကစားပွဲကြီးတစ်ခုအတွက် စိန်ခေါ်မှုတွေက ရှိနေပါတယ်။ ဒါပေမယ့် အားကစားသည် နိုင်ငံရေးမဟုတ်ဆိုတဲ့ အိုလံပစ်ရဲ့ လက်စွဲရပ်တည်ချက်အတိုင်း ကွဲပြားခြားနားတဲ့ နိုင်ငံရေးစနစ်တွေ၊လူမှုရေးပုံစံတွေကြားထဲမှာ တူညီတာကတော့ အားကစားသမားတိုင်းရဲ့ အားကစား စိတ်ဓာတ်ပဲဖြစ်ပါတယ်။ အဲဒီအားကစားစိတ်ဓာတ်ကို အခြေတည်ပြီး ဘေဂျင်းဆောင်းရာသီအိုလံပစ်ပွဲတော်ကို အောင်မြင်စွာ ကျင်းပနိုင်ပါလိမ့်မယ်။ ဒီအိုလံပစ်ပွဲတော်ကရရှိတဲ့ ညီညွတ်သွေးစည်းသော အင်အားတွေဟာ ကမ္ဘာ့ရောဂါကပ်ဘေးကြီးကို ကျော်လွှားဖို့ အခြေခံအင်အားနှင့် တွန်းအားတွေဖြစ်လာမယ်ဆိုရင်အဲဒီကတစ်ဆင့်  ငြိမ်းချမ်းသောကမ္ဘာကြီးအတွက် ဘေဂျင်းဆောင်းရာသီအိုလံပစ်ရဲ့ ၂၀၂၂ခုနှစ်အကောင်းဆုံးလက်ဆောင်မွန်တစ်ခုအဖြစ်နှင့်ပါလက်ခံရယူနိုင်ကြမှာ ဖြစ်ကြောင်းပါ။

Ref: ဘေဂျင်းအိုလံပစ် တရားဝင်ဝက်ဘ်ဆိုက်နှင့် နိုင်ငံတကာသတင်းမီဒီယာများ