#WorldPolitics
Published - 21 January 2022


ရုရှားရေတပ်မှ စစ်သင်္ဘောများအားလုံးပါဝင်မယ့် ရေတပ်စစ်ရေးလေ့ကျင့်မှုကြီးကို ယခုလအတွင်း ပစိဖိတ်သမုဒ္ဒရာကနေ အတ္တလန်တစ်သမုဒ္ဒရာအထိ ဆောင်ရွက်သွားမှာဖြစ်ကြောင်း ရုရှားတို့က ကြာသပတေးနေ့က ပြောကြားလိုက်ပါတယ်။

ရုရှားနဲ့ အနောက်နိုင်ငံတို့ ထိပ်တိုက်တွေ့ဆုံနေတဲ့ကာလမှာ ရုရှားတို့က သူတို့ရဲ့ စစ်ရေးလှုပ်ရှားမှုတွေနဲ့ စစ်အင်အားကို ထုတ်ဖော်ပြသလိုက်ခြင်းဖြစ်ပါတယ်။

အဆိုပါစစ်ရေးလေ့ကျင့်မှုတွေကို ရုရှားနဲ့ကပ်လျက်ရှိတဲ့ ပင်လယ်ပြင်တွေမှာ ပြုလုပ်သွားမှာဖြစ်တဲ့အပြင် မြေထဲပင်လယ်၊ မြောက်ဘက်ပင်လယ်၊ အော့ခ်ဟိုစ်ပင်လယ်၊ အရှေ့မြောက်အတ္တလန်တစ်သမုဒ္ဒရာနဲ့ ပစိဖိတ်သမုဒ္ဒရာတို့မှာလည်း စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်သွားမှာပါ။

အဲဒီစစ်ရေးလေ့ကျင့်မှုကြီးမှာ စစ်သင်္ဘောပေါင်း ၁၄၀ နဲ့ ထောက်ပံ့ရေးသင်္ဘောများ၊ လေယာဉ်အစင်း ၆၀၊ စစ်ဘက်ဆိုင်ရာပစ္စည်း ၁,၀၀၀ ခန့်နဲ့ စစ်မှုထမ်း ၁၀,၀၀၀ ခန့်တို့ ပါဝင်မှာဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားလိုက်ပါတယ်။

ယူကရိန်းနယ်စပ်အနားမှာ ရုရှားစစ်တပ်အချို့ကို နေရာချထားတာကြောင့် ရုရှားတို့ရဲ့စစ်ရေးလှုပ်ရှားမှုတွေကို သေချာစောင့်ကြည့်နေကြပါတယ်။
ရုရှားတို့ရဲ့ ခပ်မာမာတုန့်ပြန်ပြောဆိုချက်တွေကြောင့် စစ်ပွဲဖြစ်လာမှာကို အနောက်နိုင်ငံတွေက စိုးရိမ်နေကြပါတယ်။

ရုရှားဘက်ကတော့ ယူကရိန်းကို ကျူးကျော်ဖို့အစီအစဉ်မရှိဘူးလို့ အခိုင်အမာငြင်းဆိုထားပါတယ်။ကာကွယ်ရေးဝန်ကြီးဌာနက ဖေ့စ်ဘွတ်ခ်မှာတင်လိုက်တဲ့ ဗီဒီယိုတစ်ခုမှာတော့ ရုရှားပစိဖိတ်ရေတပ်မှ နောက်ဆုံးပေါ် ဒီဇယ်-လျှပ်စစ်ရေငုပ်သင်္ဘောဟာ ဂျပန်ပင်လယ်ရေအောက်ကနေ ကာလီဘာပဲ့ထိန်းဒုံးကျည်ဖြင့် မြေပြင်ပစ်မှတ်တစ်ခုဆီသို့ စမ်းသပ်ပစ်ခတ်ပုံကို ပြသထားပါတယ်။

အဆိုပါဒုံးကျည်ဟာ ရုရှားနိုင်ငံအရှေ့ဘက်အစွန်ဆုံး ခါဘာရော့စ်ဒေသကမ်းရိုးတန်းရှိ ပစ်မှတ်တစ်ခုကို ၁,၀၀၀ ကီလိုမီတာ (၆၂၀ မိုင်)အကွာအဝေးကနေ ပစ်ခတ်နိုင်ခဲ့တာဖြစ်ပါတယ်။

တရုတ်၊ ရုရှား၊ အီရန်တို့ဟာ သောကြာနေ့မှာ ရေတပ်ပူးပေါင်းစစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်ဖို့ စီစဉ်ထားကြောင်း အီရန်လက်နက်ကိုင်တပ်ဖွဲ့မှ အရာရှိတစ်ဦးက ISNA သတင်းဌာနကို ပြောကြားလိုက်ပါတယ်။
Source: Reuters