Published 21 January 2022

ရုရှားတပ်တွေရဲ့ ယူကရိန်းနယ်စပ်ဖြတ်ကျော်တဲ့ မည်သည့် လှုပ်ရှားမှုမဆို  ကျူးကျော်မှုတစ်ခုဖြစ်ပြီး မော်စကိုအနေနှင့် ဒီလို လုပ်ရပ်အတွက် တန်ဖိုးကြီးကြီးပေးဆပ်ရလိမ့်မယ်လို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က သတိပေးလိုက်ပါတယ်။

ယူကရိန်းရဲ့ပိုင်နယ်အတွင်း ရုရှားရဲ့အသေးအဖွဲကျူးကျော်ခြင်းဟာ အမေရိကန်ပြည်ထောင်စုနှင့်ယင်းရဲ့မဟာမိတ်တွေရဲ့ ပိုများပြားတဲ့ တုန့်ပြန်မှုတွေရလာလိမ့်မယ်လို့ လွန်ခဲ့တဲ့တစ်ရက်က ဘိုင်ဒင်ပြောခဲ့တာအပေါ် ရှင်းရှင်းလင်းလင်းဖြစ်စေဖို့ ဒါဟာ အိမ်ဖြူတော်ရဲ့ နောက်ဆုံးကြိုးစားမှုတစ်ခုဖြစ်ပါတယ်။

ဘိုင်ဒင်ရဲ့ပြောကြားချက်တွေဟာ ရုရှားသမ္မတဗလက်ဒီမာပူတင်ရဲ့ အကန့်အသတ်စစ်ရေးဆောင်ရွက်မှုကို ဖိတ်ခေါ်လိုက်တာပဲလို့  ရီပတ်ဗလင်ကင်ဥပဒေပြုအမတ်တွေနှင့် ယူကရိန်းအရာရှိတွေဆီက ဝေဖန်မှုတစ်ပြုံတစ်မကြီးနှင့် ရင်ဆိုင်နေရပါတယ်။ အဲဒါကြောင့် ပြည်တွင်းမူဝါဒတွေကိုအဓိကထားတဲ့ အိမ်ဖြူတော်အစည်းအဝေးတစ်ခုမှာ အစည်းအဝေး စစချင်း ဘိုင်ဒင်က အဲသလိုသူပြောခဲ့တာတွေကို ရှင်းရှင်းလင်းလင်းဖြစ်စေဖို့ ကြိုးစားတာဖြစ်ပါတယ်။

“ သမ္မတပူတင်နှင့် ကျွန်တော် ရှင်းရှင်းလင်းလင်းလုပ်ထားပြီးပြီ။ သူ နားလည်မှုလွဲစရာမရှိဘူး။ ယူကရိန်းနယ်စပ်ကို စုစည်းထားတဲ့ ရုရှားတပ်ဖွဲ့တွေ မည်သည့်ဖြတ်ကျော်ဝင်ရောက်မှုမဆို ဒါဟာ ကျူးကျော်မှုပဲ” လို့ ဘိုင်ဒင်ကပြောတာပါ။ ပြီးတော့ ဒီကျူးကျော်မှုဟာ ပြင်းထန်ပြီး ချိတ်ဆက်ထားတဲ့ စီးပွားရေးဆိုင်ရာတုန့်ပြန်မှုတွေနှင့် တွေ့ရလိမ့်မယ် လို့ လည်း သူက ဖြည့်စွက်ပြောပါတယ်။

ကျရှုံးဖွယ်ရှိနေတဲ့ တင်းမာမှုလျော့ချရေးကိစ္စ ဆွေးနွေးဖို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလာဗရော့နှင့် ဂျနီဗာမြို့မှာ သောကြာနေ့မှာတွေ့ဆုံဖို့ပြင်ဆင်နေချိန်မှာ ဘိုင်ဒင်ရဲ့ မှတ်ချက်စကားထွက်ပေါ်လာတာပါ။

“သမားရိုးကျစစ်ပွဲရဲ့သတ်မှတ်ချက်ဘောင်ရဲ့ ပြင်ပကနေ ရုရှားကို အရေးယူဖို့ အမေရိကန်က ပြင်ဆင်နေတယ်လို့ ဘိုင်ဒင်က ပြောပါတယ်။ရုရှားဟာ ဗြောင်ကျကျစစ်ရေးလှုပ်ရှားပြီး ကျူးကျော်ဆောင်ရွက်တာထက် အညိုရောင်ဇုန်တိုက်ခိုက်မှု လို့ခေါ်ကြတဲ့ ယူနီဖောင်းမဝတ်တဲ့ ရုရှားစစ်သားတွေကတိုက်ခိုက်တာမျိုးလုပ်လေ့လုပ်ထရှိတဲ့ သမိုင်းကြောင်းရှိတယ်” လို့ ဘိုင်ဒင်က ပြောပါတယ်။

မော်စကိုဟာ ကျူးကျော်လိမ့်မယ်လို့ သူထင်တယ်လို့ ဘိုင်ဒင်က ဗုဒ္ဓဟူးနေ့ကပြောခဲ့ပါတယ်။ အသက်ဆုံးရှုံးမှုတွေဖြစ်လာရင် ပူတင်နှင့်ရုရှားဟာ တန်ဖိုးကြီးကြီးပေးဆပ်ရလိမ့်မယ်။ပြီးတော့ ကမ္ဘာလုံးဆိုင်ရာ ဘဏ်စနစ်ကနေလည်း ဖြတ်တောက်ခံရလိမ့်မယ်လို့ သူကဆက်ပြောပါတယ်။ ဒါပေမယ့် ရုရှားရဲ့ကျူးကျော်မှုအပေါ် တုန့်ပြန်မှုဟာ သူဘာလုပ်သလဲဆိုတဲ့အပေါ် မူတည်မယ်လို့ ဘိုင်ဒင်ကပြောတဲ့အတွက် မဟာမိတ်တွေအကြား အံ့အားတသင့်ဖြစ်ခဲ့ရပါတယ်။

အဲသလိုစိတ်ပူသွားကြသူတွေအထဲမှာ ယူကရိန်းသမ္မတ ဗိုလိုဒီမိုင်ယာဇီလင်စကိုင်းလည်းပါဝင်ပါတယ်။

“ အင်အားကြီးနိုင်ငံတွေတွေကို ကျွန်တော်တို့ သတိပေးလိုတာက အသေးအဖွဲကျူကျော်မှုနှင့် နိုင်ငံငယ်ကလေးတွေဆိုတာ မရှိဘူးဗျ။ ချစ်မြတ်နိုးသူတွေကိုဆုံးရှုံးရသူတွေအတွက် သေးငယ်တဲ့ ထိခိုက်သေကြေမှုနှင့် အနည်းငယ်ပူဆွေးသောက ဆိုတာ မရှိသလိုပဲပေါ့” လို့ သူကတွစ်တာမှာရေးလိုက်ပါတယ်။

“ရုရှားတပ်တွေက ယူကရိန်းနယ်စပ်ကို ဖြတ်ကျော်ပြီး ရန်လိုမှုအသစ်တွေထပ်လုပ်ခဲ့ရင် အမေရိကန်၊ယင်းရဲ့မဟာမိတ်တွေနှင့်ပါတနာတွေဆီက လျင်မြန်ပြင်းထန်တဲ့တုန့်ပြန်မှုတွေရရှိလိမ့်မယ်” လို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဘလင်ကန်က ဂျာမနီနိုင်ငံ ဘာလင်မြို့မှာ ဂျာမန်သမ္မတနှင့်အတူ ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

Source AP