#WorldHealth
Published - 21 January 2022
အမေရိကန်မှလူတွေအနေနဲ့ ကိုဗစ်ရောဂါပျံ့ပွားမှုကို အထိရောက်ဆုံးကာကွယ်နိုင်တဲ့ နှာခေါင်းစည်းတွေကို ဝတ်ဆင်သင့်ကြောင်း အမေရိကန်ရောဂါထိန်းချုပ်ကာကွယ်ရေးစင်တာ (CDC)က ပြောကြားလိုက်ပြီး N95 လို နှာခေါင်းစည်းတွေတပ်ဆင်ဖို့ အားပေးသင့်ကြောင်း အကြံပြုလိုက်ပါတယ်။

N95, KN95, KF94 နှာခေါင်းစည်းတွေဟာ ပိုလီပရိုပလင်းဆိုတဲ့ ဖိုင်ဘာတွေ အထပ်ထပ်ဖြင့်ပြုလုပ်ထားတာဖြစ်ပါတယ်။အဲဒီနှာခေါင်းစည်းတွေက မျက်နှာမှာ လုံးဝအံဝင်ခွင်ကျဖြစ်ပြီး ဦးခေါင်းအနောက်ဘက်ကနေ ကြိုးဖြင့်သိုင်းထားရတဲ့ပုံစံမျိုး ထုတ်လုပ်ထားပါတယ်။

သူတို့ရဲ့အနားသတ်တွေကလည်း နှာခေါင်းနဲ့ပါးစပ်ကို သေချာလုံခြုံအောင်ဖုံးအုပ်ပေးထားပါတယ်။N95 တွေကို ပုံစံတကျဝတ်ဆင်ပါက လေထုထဲကဝင်လာတဲ့အမှုန်တွေကို အနည်းဆုံး ၉၅ ရာခိုင်နှုန်းစစ်ထုတ်ပေးနိုင်ပြီး ၀.၃ မိုက်ခရွန်ထက်ပိုကြီးတဲ့ မည်သည့်အမှုန်မဆို ဝင်ရောက်မလာအောင် ကာကွယ်ပေးပါတယ်။

KN95 နဲ့ KF94 တို့ကို တရုတ်နဲ့တောင်ကိုရီးယားနိုင်ငံအသီးသီးမှာ အသိအမှတ်ပြုထားပြီးဖြစ်ကာ N95 နှာခေါင်းစည်းလိုမျိုး အကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်။

'KF' က 'Korea filter' ကို ကိုယ်စားပြုပြီး ၉၄ ရာခိုင်နှုန်းစစ်ထုတ်နိုင်ပါတယ်။
"N95 နှာခေါင်းစည်းအမျိုးအစားတွေက အကောင်းဆုံးနှာခေါင်းစည်းတွေဖြစ်ပြီး N95, KN95, KF94 တိုဟာ တူညီတဲ့ကာကွယ်မှုနှုန်း ပေးစွမ်းနိုင်ပါတယ်" လို့ ဂျွန်ဟော့ပ်ကင်စ်တက္ကသိုလ်မှ ပတ်ဝန်းကျင်ဆိုင်ရာကျန်းမာရေးနဲ့ အင်ဂျင်နီယာသိပ္ပံပညာရှင် အဲရစ်တိုနာက ဆိုပါတယ်။

လေဝင်ထွက်ပေါက်ပါဝင်တဲ့ နှာခေါင်းစည်းတွေက အခြားသူတွေဆီ ဗိုင်းရပ်စ်ပျံ့နှံရောက်ရှိစေမှုကို မကာကွယ်ပေးနိုင်ပါဘူး။

နှာခေါင်းစည်းအတုအစစ်ခွဲခြားနိုင်ဖို့အတွက် N95 နှာခေါင်းစည်း ထုတ်လုပ်ခွင့်ရရှိထားတဲ့ လုပ်ငန်းတွေကို CDC က သူတို့ရဲ့ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။နှာခေါင်းစည်းအစစ်တွေမှာ National Institute for Occupational Safety and Health (NIOSH) ဆိုတဲ့ အမှတ်အသားနဲ့အတူ ခွင့်ပြုချက်အမှတ်တို့ကို ရိုက်နှိပ်ထားပါတယ်။

၂၀၂၀ နဲ့ ၂၀၂၁ အတွင်း စမ်းသပ်ထားတဲ့ KN95 နှာခေါင်းစည်း ၆၀ ရာခိုင်နှုန်းလောက်ဟာ အရည်အသွေးပြည့်မီခြင်း မရှိကြောင်း CDC က သတိပေးလိုက်ပါတယ်။

အိုမီခရွန်မျိုးဗီဇကွဲကူးစက်ပျံ့နှံ့မှုနဲ့အတူ ကိုဗစ်ရောဂါဖြစ်ပွားမှုနှုန်းမြင့်တက်နေတဲ့အချိန်မှာ ရောဂါကာကွယ်နိုင်ဖို အရည်အသွေးကောင်းတဲ့ နှာခေါင်းစည်းတပ်ဆင်ဖို့လိုအပ်ကြောင်း ကျွမ်းကျင်သူတွေက အကြံပြုထားပါတယ်။

CDC ရဲ့ ပြောကြားချက်အရ ကိုဗစ်ရောဂါကာကွယ်ဖို့ အကောင်းဆုံးနှာခေါင်းစည်းကတော့ NIOSH အသိအမှတ်ပြု N95 နှာခေါင်းစည်းအမျိုးအစားတွေဖြစ်ပါတယ်။

အံဝင်ခွင်ကျဖြစ်စေတဲ့ ခွဲစိတ်ခန်းသုံးနှာခေါင်းစည်းနဲ့ KN95 နှာခေါင်းစည်းတွေကတော့ N95 ပြီးရင် နောက်ထပ်အကောင်းဆုံးနှာခေါင်းစည်းတွေ ဖြစ်ပါတယ်။

အဲဒီနောက်မှာတော့ အဝတ်စအထပ်ထပ်ဖြင့်ချုပ်ထားတဲ့ ပိတ်စနှာခေါင်းစည်းတွေကိုလည်း အသုံးပြုနိုင်ပါတယ်။လျော့တိလျော့ရဲဖြစ်နေတဲ့ ပိတ်စနှာခေါင်းစည်းတွေက ကာကွယ်နိုင်စွမ်း အနည်းဆုံးဖြစ်ပေမယ့် ခွဲစိတ်ခန်းသုံးနှာခေါင်းစည်းအပေါ်မှာ ထပ်ပြီးဝတ်ဆင်လို့ရပါတယ်။

နှာခေါင်းစည်းတွေက တစ်ခါသုံးပစ္စည်းတွေသာဖြစ်ပေမယ့် ပစ္စည်းမလုံလောက်တဲ့အချိန်မှာတော့ တစ်ကြိမ်ထက်ပိုသုံးလို့ရပါတယ်။
N95 တွေကို ၅ ကြိမ်ထက်ပိုပြီး အသုံးမပြုသင့်ဘူးလို့ CDC က ဆိုပါတယ်။
ကိုဗစ်လူနာတွေကို စောင့်ရှောက်ကုသပေးနေရသူတွေ၊ အများသုံးပို့ဆောင်ရေးယာဉ်တွေမှာ အချိန်ကြာမြင့်စွာ လိုက်ပါရတဲ့အချိန်တွေ၊ လူထူထပ်များပြားတဲ့နေရာတွေမှာ N95 နှာခေါင်းစည်းတပ်ဆင်သင့်ပါတယ်။
ပိတ်စနှာခေါင်းစည်းအောက်မှာ ခွဲစိတ်ခန်းသုံးနှာခေါင်းစည်းဝတ်ဆင်ခြင်းက ကာကွယ်မှုပိုပေးနိုင်ကြောင်း CDC က အကြံပြုထားပါတယ်။
Source: Reuters.