#World_Health
Published-  8 January 2022


မကြာသေးမီက ပြင်သစ်မှာတွေ့ရှိခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်မျိုးဗီဇကွဲအသစ်ဟာ စိုးရိမ်စရာအခြေအနေမရှိကြောင်း ဘာအီလန်တက္ကသိုလ်မှ ပရော်ဖက်ဆာဆဲရဲလ်ကိုဟန်က ပြောကြားလိုက်ပါတယ်။

B.1.640.2 အမည်ရှိတဲ့ မျိုးဗီဇကွဲကို ပြီးခဲ့တဲ့အပတ်က ကြိုတင်လေ့လာမှုပြုလုပ်ပြီး ဖော်ပြခဲ့ကြပါတယ်။မာဆေးလ်ရှိ မက်ဒီတယ်ရေးနီးကူးစက်ရောဂါဖောင်ဒေးရှင်းမှ သုတေသနပြုချက်အရ ပြီးခဲ့တဲ့လအတွင်း အဆိုပါမျိုးဗီဇကွဲကို လူ ၁၂ ဦးမှာ တွေ့ရှိခဲ့ပါတယ်။
ဒီမျိုးဗီဇကွဲက သိပ်ပြီးစိုးရိမ်စရာမရှိဘဲ အရင်ကတွေ့ဖူးတဲ့ မျိုးဗီဇကွဲတွေလိုဖြစ်ကြောင်း ကိုဟန်ကဆိုပါတယ်။

အခုတွေ့ရှိတဲ့ မျိုးဗီဇကွဲအသစ်က လွန်ခဲ့တဲ့ ၂ လခန့်က ပြင်သစ်မှာတွေ့ရှိခဲ့တဲ့ B.1.640 မျိုးဗီဇကွဲနဲ့ အလွန်ဆင်တူပါတယ်။အဲဒီအချိန်က အယောက် ၃၀ ရောဂါပိုးကူးစက်ခံရပြီး အခုမျိုးဗီဇကွဲနဲ့ မျိုးရိုးဗီဇပြောင်းလဲမှုအရေအတွက် ဆင်တူနေပါတယ်။

ဒါပေမဲ့ ဒယ်လ်တာနဲ့ အိုမီခရွန်မျိုးဗီဇကွဲကူးစက်မှုတွေလောက် ရောဂါကူးစက်ခြင်းမများပါဘူး။ဗိုင်းရပ်စ်တွေဟာ အဆက်မပြတ် မျိုးရိုးဗီဇပြောင်းလဲနေတတ်ပါတယ်။
မျိုးရိုးဗီဇပြောင်းလဲခြင်းအများစုက သိပ်ပြီးမထင်ရှားပေမယ့် အစုလိုက်ပြောင်းလဲတဲ့အခါမှာတော့ မျိုးဗီဇကွဲအသစ်ဖြစ်ပေါ်စေနိုင်ပြီး မတူညီတဲ့ပရိုတိန်းတစ်မျိုး ဖြစ်ပေါ်လာနိုင်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ်မှာ အဓိကပါဝင်တဲ့အစိတ်အပိုင်းက စပိုက်ခ်ပရိုတိန်းဖြစ်ပြီး ဗိုင်းရပ်စ်ရဲ့မျက်နှာပြင်မှာတည်ရှိကာ ဆဲလ်တွေထဲထိုးဖောက်ဝင်ရောက်ပြီး ကူးစက်မှုဖြစ်စေတာဖြစ်ပါတယ်။ပြင်သစ်မှာတွေ့ရှိတဲ့ မျိုးဗီဇကွဲအသစ်က မျိုးရိုးဗီဇပြောင်းလဲမှု ၄၅ မျိုးပါဝင်ပြီး ၉ ခုက စပိုက်ခ်ပရိုတိန်းမှာ တည်ရှိပါတယ်။

အိုမီခရွန်ကတော့ မျိုးရိုးဗီဇပြောင်းလဲမှု အမျိုး ၅၀ ပါဝင်ကာ ၃၅ မျိုးကျော်က စပိုက်ခ်ပရိုတိန်းမှာ ရှိနေပါတယ်။မျိုးဗီဇကွဲတစ်ခုကို ကျယ်ကျယ်ပြန့်ပြန့် သုံးသပ်လေ့လာတဲ့အခါ ကူးစက်မှုများတဲ့ မျိုးဗီဇကွဲတွေလောက် မများဘူးဆိုရင် သိပ်ပြီးစိတ်ပူစရာမရှိဘူးလို့ ကိုဟန်က ပြောကြားထားပါတယ်။

နိုင်ငံအများစုက အနောက်တိုင်းနိုင်ငံတွေလို မျိုးဗီဇစိစစ်ခွဲခြမ်းတာမျိုး မလုပ်နိုင်ကြတာကို နားလည်ထားဖို့လိုအပ်ကြောင်း၊ ဒါကြောင့် အခြားနိုင်ငံတွေမှာ အတည်မပြုနိုင်သေးတဲ့ ဗိုင်းရပ်စ်မျိုးဗီဇကွဲတွေ ရှိနေနိုင်ကြောင်း သတိပြုထားသင့်တယ်လို့ ကိုဟန်ကသတိပေးလိုက်ပါတယ်။

မျိုးဗီဇကွဲအသစ်တွေက အမြဲတမ်းပေါ်ထွက်လာနိုင်တာကြောင့် အခြေအနေကို မျက်ခြေမပြတ်စောင့်ကြည့်ဖို့လိုပါတယ်။ဒါပေမဲ့မျိုးဗီဇကွဲအများစုက မြန်မြန်ဆန်ဆန်ပေါ်ထွက်လာပြီး ပျောက်ကွယ်သွားတတ်ပါတယ်။

ပြင်သစ်က မျိုးဗီဇကွဲအသစ်နဲ့ပတ်သက်ပြီး စိုးရိမ်ရတာက အိုမီခရွန်အနေနဲ့ မျိုးရိုးဗီဇထပ်မံပြောင်းလဲလာပြီး အိုမီခရွန်ပလပ်စ်ပေါ်ထွက်လာနိုင်ကြောင်းနဲ့ လူအများအပြားကူးစက်စေမှာကို စိတ်ပူရကြောင်း ကိုဟန်က ပြောကြားသွားပါတယ်။
Source: The Jerusalem