#World_Society
Published - 8 January 2022


လူမျိုးရေးခွဲခြားမှုများကို ကျော်ဖြတ်ပြီး Lilies of the Field ဇာတ်ကားဖြင့် အကောင်းဆုံးအမျိုးသားဇာတ်ဆောင်အော့စကာဆုကို ရရှိခဲ့တဲ့ ပထမဆုံးလူမည်းသရုပ်ဆောင် ဆစ်ဒ်နီပွိင်တီယာ (Sidney Poitier)ဟာ အသက် ၉၄ နှစ်အရွယ်မှာ ကွယ်လွန်သွားခဲ့ပြီဖြစ်ကြောင်း ဘဟားမားဝန်ကြီးချုပ် ဖိလစ်ဒေးဗီးစ်က သောကြာနေ့က ပြောကြားလိုက်ပါတယ်။

"ဒီမနက်က ဆာဆစ်ဒ်နီပွိင်တီယာ ကွယ်လွန်သွားတာကို သိလိုက်ရတဲ့အတွက် အင်မတန်စိတ်မကောင်းဖြစ်မိပါတယ်" လို့ ဒေးဗီးစ်က ဖေ့စ်ဘွတ်ကနေ မိန့်ခွန်းထုတ်လွှင့်ပြောကြားလိုက်ပါတယ်။

"ကျွန်တော်တို့ဝမ်းနည်းပူဆွေးရပေမယ့်လည်း နိုင်ငံ့ယဉ်ကျေးမှုပြယုဂ်လည်းဖြစ်၊ သရုပ်ဆောင်နဲ့ ရုပ်ရှင်ဒါရိုက်တာလည်းဖြစ်၊ စွန့်ဦးတီထွင်သူလည်းဖြစ်၊ လူထုအခွင့်အရေးတက်ကြွလှုပ်ရှားသူလည်းဖြစ်၊ သံတမန်တစ်ဦးလည်းဖြစ်တဲ့ ဘဟားမားနိုင်ငံသားကြီး ဆစ်ဒ်နီပွိင်တီယာရဲ့ဘဝကို ဂုဏ်ပြုချီးကျူးလိုက်ပါတယ်"

အမေရိကန်ပြည်ထောင်စု နေရာအများစုမှာ လူမျိုးရေးခွဲခြားမှုတွေ လွှမ်းခဲ့စဉ် ၁၉၆၇ ခုနှစ်မှာ တစ်နှစ်တည်းနဲ့ ရုပ်ရှင်သုံးကားရိုက်ကူးခဲ့ပြီး ထင်ရှားကျော်ကြားတဲ့ ရုပ်ရှင်အမွေအနှစ်တစ်ခုကို ဖန်တီးပေးခဲ့ပါတယ်။

ပွိင်တီယာဟာ ၁၉၆၃ ခုနှစ်မှာ Lilies of the Field ဇာတ်ကားဖြင့် သမိုင်းဝင်အကောင်းဆုံးအမျိုးသားရုပ်ရှင်သရုပ်ဆောင်ဆုကို ရရှိခဲ့ပြီး ထိုဇာတ်ကားမှာ ပွိင်တီယာက ဂျာမနီသီလရှင်တွေအတွက် ကန္တာရအတွင်း ဘုရားကျောင်းတစ်ခုကို ကူညီတည်ဆောက်ပေးခဲ့တဲ့ လက်သမားတစ်ဦးအဖြစ် သရုပ်ဆောင်ခဲ့ပါတယ်။

အဲဒီ ၅ နှစ်မတိုင်ခင်ကလည်း The Defiant Ones ဇာတ်ကားဖြင့် အမျိုးသားဇာတ်ဆောင်အော်စကာဆုအတွက် ပဏာမရွေးချယ်ခံခဲ့ရတဲ့ ပထမဆုံးလူမည်းသရုပ်ဆောင်ဖြစ်ခဲ့ပါတယ်။

အဲဒီခေတ်က ပွိင်တီယာရဲ့ နောက်ထပ်ဂန္တဝင်မြောက်ဇာတ်ကားတွေကတော့ A Patch of Blue, The Blackboard Jungle, A Raisin in the Sun တို့ပါဝင်ပါတယ်။ပွိင်တီယာကို ၁၉၂၇ ခုနှစ် ဖေဖော်ဝါရီ ၂၀ ရက်နေ့၌ မိုင်ယာမီတွင် မွေးဖွားခဲ့ပါတယ်။ဘဟားမားရှိ ခရမ်းချဉ်သီးခြံတစ်ခုမှာ ကြီးပြင်းခဲ့ပြီး တစ်နှစ်သာ တရားဝင်ကျောင်းနေခဲ့ရပါတယ်။

ဆင်းရဲနွမ်းပါးမှု၊ စာပေအသိပညာနည်းပါးမှု၊ မလိုမုန်းထားမှုတို့ကို တွန်းလှန်ခဲ့ပါတယ်။
ရုပ်ရှင်အဓိကအခန်းတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့ရပြီး ပရိသတ်များလက်ခံအားပေးခဲ့ကြတဲ့ ပထမဆုံးလူမည်းသရုပ်ဆောင်တွေထဲက တစ်ဦးဖြစ်လာပါတယ်။

အရင်ဟောလိဝုဒ်ဇာတ်ကားတွေမှာ လူမည်းသရုပ်ဆောင်တွေကို ဖိနပ်တိုက်သမား၊ ရထားတွဲထိန်းအကူ၊ အိမ်အကူတွေအဖြစ်သာ သရုပ်ဆောင်ခိုင်းတဲ့အလေ့အထကို ပွိင်တီယာက ပြုပြင်ခဲ့ပြီး သူသရု်ဆောင်ရမယ့်ဇာတ်ကောင်နေရာကို သေသေချာချာရွေးချယ်ခဲ့တာဖြစ်ပါတယ်။

ပွိင်တီယာကို ၁၉၇၄ ခုနှစ်မှာ ဗြိတိန်ဘုရင်မကြီးအယ်လီဇဘက် ၂ က သူရဲကောင်းဘွဲ့ချီးမြှင့်ခဲ့ပြီး ဂျပန်နိုင်ငံနဲ့ ယူနက်စ်ကိုတို့မှာ ဘဟားမားသံအမတ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

ဝေါ့ဒစ္စနီရဲ့ ဒါရိုက်တာဘုတ်အဖွဲမှာလည်း ပါဝင်ခဲ့ပါသေးတယ်။
၁၉၇၀ ဝန်းကျင်မှာ ဂျိုအာနာရှင်မ်ကပ်စ်နဲ့ နောက်အိမ်ထောင်ပြုခဲ့ပြီး သမီး ၆ ယောက်ထွန်းကားခဲ့ပါတယ်။
This Life(၁၉၈၀)၊ The Measure of a Man: A Spiritual Autobiography(၂၀၀၀)၊ Life Beyond Measure: Letters to My Great Granddaughter(၂၀၀၈) စတဲ့ စာအုပ် ၃ အုပ်ကိုလည်း ရေးသားခဲ့ပါတယ်။

၂၀၀၉ ခုနှစ်မှာ သမ္မတဘာရက်အိုဘားမားက ပွိင်တီယာကို အမေရိကန်အရပ်သားတွေထဲမှာ အမြင့်ဆုံးဆုဖြစ်တဲ့ လွတ်လပ်ရေးဆုတံဆိပ်ကို ပေးအပ်ခဲ့ပါတယ်။

၂၀၁၄ ခုနှစ်အော်စကာဆုပေးပွဲအခမ်းအနားဟာ ပွိင်တီယာရဲ့ သမိုင်းဝင်အော်စကာဆုရခဲ့တဲ့ နှစ် ၅၀ ပြည့် နှစ်ပတ်လည်ဖြစ်ပြီး အကောင်းဆုံးဒါရိုက်တာဆုကို ပေးအပ်ဖို့ တက်ရောက်လာခဲ့ပါတယ်။
Source: CNA