#World_Health
Published-  8 January 2022

အိုမီခရွန်ကြောင့် လက်ရှိဖြစ်ပေါ်နေတဲ့ ကိုဗစ်ရောဂါဟာ အရင်ကိုရိုနာဗိုင်းရပ်စ်မျိုးဗီဇကွဲ ကူးစက်မှုတွေနဲ့နှိုင်းယှဉ်ပါက လူတွေကို အခြားပုံစံမျိုးနဲ့ ရောဂါဖြစ်စေကြောင်း အရေးပေါ်ဌာနမှ ဆရာဝန်တစ်ဦးက အင်္ဂါနေ့မှာ ပြောကြားလိုက်ပါတယ်။

ကိုလံဘီယာတက္ကသိုလ် အာဗင်ဆေးကုသမှုစင်တာမှ အရေးပေါ်ဆေးပညာဆိုင်ရာတွဲဖက်ပါမောက္ခ ဒေါက်တာခရိတ်စပန်ဆာက ၂၀၂၀ မတ်လ ကိုဗစ်ပထမလှိုင်းတုန်းကလိုမျိုး အသက်ရှူခက်ခဲပြီး အောက်ဆီဂျင်လိုအပ်တဲ့လူနာတွေ နည်းပါးလာပြီဖြစ်ကြောင်း အင်္ဂါနေ့က တွစ်တာမှာ ဖော်ပြထားပါတယ်။

ကူးစက်တဲ့လူနာတွေက အလွန်များပြီး လူနာတွေကို တစ်နည်းနည်းနဲ့ ရောဂါသက်ရောက်နေတယ်လို့ စပန်ဆာက နယူးယော့ခ်မြို့ရှိ အရေးပေါ်အခန်းတာဝန်လဲချိန်အတွင်း တွေ့ကြုံခဲ့ရတာတွေကို ပြောကြားသွားပါတယ်။

အရေးပေါ်အခန်းကို ရောက်လာတဲ့ ကိုဗစ်ရောဂါလူနာတွေ စံချိန်တင်များပြားနေပြီး ကိုဗစ်ရောဂါမဟုတ်တဲ့လူနာတွေလည်း အလွန်များပြားနေတယ်လို့ ဆိုပြီး ကိုဗစ်ပထမလှိုင်းတုန်းက အရေးပေါ်အခန်းမှာ ကိုဗစ်ကူးစက်သူတွေသာ ရောက်ရှိလာကြတာဖြစ်ပါတယ်။
စပန်ဆာရဲ့ပြောကြားချက်အရ ကိုဗစ်ရောဂါကြောင့် ယခင်ရှိပြီးသား ကျန်းမာရေးအခြေအနေတွေကိုပါ ပိုမိုဆိုးရွားစေနိုင်ပါတယ်။

ဆီးချိုရောဂါရှိတဲ့သူတွေမှာဆိုရင် အသက်အန္တရာယ်စိုးရိမ်ရတဲ့ ကီတိုအက်ဆီဒိုဆစ်ဆီးချိုရောဂါမျိုး ဖြစ်လာနိုင်ပါတယ်။ကိုဗစ်ရောဂါခံစားနေရတဲ့ သက်ကြီးရွယ်အိုတွေမှာဆိုရင် အလွန်အားနည်းလာပြီး အိပ်ရာမှမထနိုင်၊ လမ်းမလျှောက်နိုင်၊ ဆေးရုံမှမဆင်းနိုင်ဖြစ်လာကြောင်း စပန်ဆာက ပြောပါတယ်။

ဗိုင်းရပ်စ်ကူးစက်ခြင်းမခံရအောင် အစွမ်းကုန်ကြိုးစားနေထိုင်ကြတဲ့သူတွေမှာ ကိုဗစ်ရောဂါခံစားရတတ်ကြောင်း၊ ကင်ဆာရောဂါသည်တွေ ခုခံအားကျဆင်းတဲ့သူတွေ အခြားအကြောင်းတစ်ခုခုကြောင့် နေမကောင်းဖြစ်နေသူတွေမှာ ကူးစက်မှုအလွန်မြင့်မားတတ်ကြပါတယ်လို့ ဖြည့်စွက်ပြောကြားလိုက်ပါတယ်။

နယူးယော့ခ်မြို့မှာ တနင်္လာနေ့အထိ ကိုဗစ်ရောဂါကြောင့် ဆေးရုံတက်ကုသခံယူရသူ ၅,၄၉၅ ဦးရှိကာ လွန်ခဲ့တဲ့ ၂ ပတ်ကထက် ၄ ဆပိုမိုများပြားလာပြီး ၂၀၂၀ မေလကတည်းကထက်လည်း များပြားနေခဲ့ပါတယ်။

အိုမီခရွန်က အခြားမျိုးဗီဇကွဲတွေလောက် ရောဂါလက္ခဏာမပေါ်တာလား၊ ဒါမှမဟုတ် အရင်ကိုဗစ်ကူးစက်မှုကရတဲ့ခုခံအားနဲ့ ကာကွယ်ဆေးထိုးခြင်းကရတဲ့ ခုခံအားတို့ကြောင့် ရောဂါပြင်းထန်ခြင်းမရှိတာလားဆိုတာကို ရှင်းရှင်းလင်းလင်း မရှိရသေးပါဘူး။

စပန်ဆာရဲ့ပြောကြားချက်မှာ "ရောဂါပြင်းပြင်းထန်ထန် ခံစားနေရတဲ့ ကိုဗစ်လူနာအများစုဟာ အခုထက်ထိ ကာကွယ်ဆေးမထိုးရသေးသူတွေ ဖြစ်ပါတယ်။ ဒါကြောင့် ကိုဗစ်ကာကွယ်ဆေးတွေ booster အားမြှင့်ကာကွယ်ဆေးတွေ မထိုးရသေးဘူးဆိုရင် အခုထိုးသင့်နေပါပြီ" လို့ ဆိုသွားပါတယ်။

ကာကွယ်ဆေးထိုးထားတဲ့ အခြေအနေပေါ်မူတည်ပြီး ကွဲပြားမှုတွေတွေ့ရကြောင်း Penn Presbyterian Medical Center အရေးပေါ်ဌာနမှ လက်ထောက်ပါမောက္ခ မူစီယိုကစ်ဒယ်လ်ဂါဒိုက ပြောပါတယ်။

booster အားမြှင့်ကာကွယ်ဆေးထိုးထားတဲ့သူတွေ ဆေးရုံကိုလာပြရတာမျိုး တွေ့ရခဲပါတယ်။အကြောင်းကတော့ သူတို့က သာမန်အအေးမိဖျားနာတာလောက်ပဲခံစားရကာ အိမ်မှာပဲ အေးအေးဆေးဆေးနေလို ရတာကြောင့်ဖြစ်ပါတယ်။

ဒယ်လ်ဂါဒိုက သူ့ရဲ့အတွေ့အကြုံအရ ကိုဗစ်ကာကွယ်ဆေးမထိုးထားတဲ့လူတွေက ရောဂါကူးစက်တဲ့အခါ အောက်ဆီဂျင်လိုအပ်လေ့ရှိတာကြောင့် ဆေးရုံကိုရောက်လာကြတယ်လို့ ပြောကြားသွားပါတယ်။
Source: Insider