#World_Health

Published - 6 January 2022


SARS-CoV-2 ရောဂါကူးစက်ခံရပြီးနောက် ပြန်လည်သက်သာလာတဲ့လူတွေမှာ ကိုယ်ခန္ဓာထဲရှိ အင်္ဂါတွေ တစ်ရှးတွေကို မှားယွင်းပြီးတိုက်ခိုက်တတ်တဲ့ antibody တွေ များပြားလာတာကို တွေ့ရှိရပါတယ်။

ကိုဗစ်ရောဂါကို ပြင်းထန်စွာမခံစားခဲ့ရသူတွေမှာတောင် အဲဒီလိုအဖြစ်အပျက်မျိုး တွေ့ရှိရတာဖြစ်ပါတယ်။ကိုဗစ်ကာကွယ်ဆေးတွေ မရရှိသေးခင်က ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံခဲ့ရပြီးနောက် ပြန်လည်သက်သာလာခဲ့တဲ့ ကျန်းမာရေးဝန်ထမ်း ၁၇၇ ဦးစလုံးမှာ နာတာရှည်ရောင်ရမ်းခြင်း၊ အဆစ်အမြစ်၊ အရေပြားနဲ့ အာရုံကြောစနစ် ထိခိုက်ခြင်းတိုကို ဖြစ်စေတဲ့ ကိုယ်ပိုင် antibody တွေ ရှိနေတာကို တွေ့ခဲ့ရပါတယ်။

"သူတို့ဆီမှာ ဒီလိုကွဲပြားခြားနားနေကြတဲ့ ကိုယ်ပိုင် antibody တွေ များလာလိမ့်မယ်လို့ မထင်မိပါဘူး။ ရောဂါမှပြန်လည်သက်သာလာပြီး ၆ လကြာသည့်တိုင်အောင် ရှိနေလိမ့်မယ်လို့လည်း မထင်မိပါဘူး" လို့ လော့စ်အိန်ဂျလိစ်ရှိ Cedars-Sinai Smidt Heart Institute မှ ဆူဆန်ချန်းက ဆိုလိုက်ပါတယ်။

အမျိုးသားတွေနဲ့ အမျိုးသမီးတွေကြား ကိုယ်ပိုင် antibody မြင့်တက်ပုံခြင်း မတူညီကြကြောင်း သုတေသီတွေက Translational Medicine ဂျာနယ်မှာ ကြာသပတေးနေ့က ဖော်ပြခဲ့ပါတယ်။

"၆ လကျော်တဲ့အခါ ဘယ်လောက်ကြာကြာအထိ antibody တွေ မြင့်တက်လာမှာလဲ ဒါမှမဟုတ် အရေးကြီးတဲ့ ရောဂါလက္ခဏာတွေ ဖြစ်လာမှာလား ဆိုတာတွေကို မသိရသေးပါဘူး။ တစ်ယောက်ချင်းစီကို ဆက်လက်စောင့်ကြည့်သွားဖို့ လိုပါတယ်" လို့ ချန်းက ပြောပါတယ်။

ဆူဆန်ချန်းနဲ့ သုတေသနအဖွဲ့က ကိုယ်ပိုင် antibody တွေမြင့်တက်လာခြင်းဟာ ကိုဗစ်နောက်ဆက်တွဲလက္ခဏာခံစားနေရသူတွေရဲ့ ရောဂါလက္ခဏာနဲ့ ဆက်စပ်မှုရှိသလားဆိုတာကို စစ်ဆေးလေ့လာနေပြီး မျိုးဗီဇကွဲအသစ်တွေ ကူးစက်ပြီးတဲ့နောက် ကိုယ်ပိုင် antibody တွေ ပမာဏပြောင်းလဲပုံကို လေ့လာသွားဖို့ ရည်ရွယ်ထားပါတယ်။
Source: Reuters.