#World_Health


Published - 6 January 2022

အင်္ဂလန်နိုင်ငံမှ အသက် ၉ နှစ်အရွယ်ရှိ ဇက်မိုရေးဆိုတဲ့ ကလေးငယ်တစ်ဦးဟာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရပြီး ဘေးထွက်ဆိုးကျိုးအနေနဲ့ ကိုဗစ်မျက်လုံးအမြှေးရောင်ခြင်းကို ခံစားခဲ့ရပါတယ်။

သူ့မျက်လုံးက ပေါက်ထွက်တော့မယ့်အတိုင်းပဲ မြင်ခဲ့ရတယ်လို့ ကလေးအမေဖြစ်သူ အိန်ဂျလာက ကိုဗစ်နောက်ဆက်တွဲလက္ခဏာအကြောင်း SWNS ကို ပြောကြားခဲ့ပါတယ်။
သူတို့မိသားစုဟာ အင်္ဂလန် ဘရစ္စတိုမြို့မှာနေထိုင်ပြီး အိန်ဂျလာရဲ့ ကလေး ၅ ယောက်ဟာ ဒီဇင်ဘာ ၁၆ ရက်နေ့က ကိုဗစ်ရောဂါပိုးတွေ့ရှိတယ်လို့ စမ်းသပ်စစ်ဆေးခဲ့ရပါတယ်။
ဇက်ဟာ တုပ်ကွေးလို ရောဂါလက္ခဏာမျိုး ခံစားခဲ့ရပြီး ကွန်ပျူတာဂိမ်းကစားရင်း အိမ်မှာသီးသန့်ခွဲနေထိုင်ခဲ့ပါတယ်။

ဒီဇင်ဘာ ၂၂ ရက်နေ့က ဆရာဝန်ဆီမှာစမ်းသပ်ရာ ရောဂါပိုးမရှိတော့ဘူးလို့ အဖြေထွက်ခဲ့ပေမယ့် ဇက်ရဲ့ လက်ဝဲဘက်မျက်လုံးမှာ နာကျင်လာတယ်လို့ ပြောဆိုလာပါတယ်။
အစကတော့ အိန်ဂျလာက သူ့ကလေးဟာ ကွန်ပျူတာပဲ ဆက်တိုက်ကြည့်နေတာကြောင့် ဖြစ်မယ်လို့ထင်ခဲ့ပေမယ့် နောက်ရက်အနည်းငယ်ကြာတဲ့အခါ မျက်လုံးအိမ်က အတော်ကိုကြီးမားဖောင်းထွက်လာတဲ့အခါမှ မူမမှန်တော့ဘူးဆိုတာကို သိလိုက်ပါတယ်။

"အဲဒီလောက်ဖူးရောင်တာမျိုး မတွေ့ဖူးပါဘူး။ မျက်ခွံကို မဆွဲဘဲ မျက်လုံးကိုဖွင့်လို့မရပါဘူး" လို့ ဆိုပါတယ်။ခရစ္စမတ်အကြိုနေ့မှာ အိန်ဂျလာက ဝေဒနာခံစားနေရတဲ့ သူ့ကလေးကို ဆေးရုံသို့ပို့ဆောင်ခဲ့ရာ ကိုဗစ်ရောဂါကြောင့် မျက်လုံးထဲပိုးဝင်ခြင်း ခံစားရတာဖြစ်ကြောင်း ဆရာဝန်တွေက စစ်ဆေးတွေ့ရှိခဲ့ပါတယ်။

ဒါပေမဲ့ ဒီဖြစ်ရပ်ဟာ ကိုဗစ်ရောဂါဖြစ်ပွားမှုနဲ့ တိုက်ဆိုင်နေတာလား ဒါမှမဟုတ် မျက်လုံးထဲပိုးဝင်စေတဲ့ အကြောင်းအရာလားဆိုတာ တိတိကျကျ မသိရသေးပါဘူး။အဆိုးဆုံးကို ကာကွယ်တဲ့အနေနဲ့ ဆရာဝန်တွေက နောက်ရက်အနည်းငယ်အထိ ကလေးကို သွေးကြောကနေတဆင့် ပိုးသတ်ဆေးတွေ သွင်းပေးခဲ့ပါတယ်။

အဲဒီကုသနည်းက ထိရောက်ခဲ့ဟန်ရှိပြီး နောက်ထပ်မျက်လုံးစစ်ဆေးမှုပြုလုပ်ခဲ့ရာမှာ ဇက်ရဲ့အမြင်အာရုံလုံးဝကောင်းသွားပြီလို့ အတည်ပြုခဲ့ကြကာ ဒီဇင်ဘာ ၂၆ ရက်နေ့က ဆေးရုံမှဆင်းခွင့်ရခဲ့ပါတယ်။

ကိုရိုနာဗိုင်းရပ်စ်နဲ့ပတ်သက်ပြီး မျက်လုံးဝေဒနာခံစားရတာဟာ ဒီဖြစ်ရပ်က ပထမဆုံးတော့ မဟုတ်ပါဘူး။ဖေဖော်ဝါရီလအတွင်း လေ့လာချက်တစ်ခုမှာ ကိုဗစ်-၁၉ ရောဂါ ပြင်းထန်စွာခံစားခဲ့ရတဲ့ လူနာတွေရဲ့မျက်လုံးမှာ အဖုလေးတွေ တွေ့ရတယ်လို့ ပြင်သစ်သိပ္ပံပညာရှင်တွေက မှတ်တမ်းပြုစုထားပါတယ်။

မျက်လုံးထဲက အဆီဖုတွေဟာ ဗိုင်းရပ်စ်ကြောင့် ရောင်ရမ်းရခြင်းနဲ့ သက်ဆိုင်နေနိုင်ပြီး ဆရာဝန်တွေက လူနာတွေကို အောက်ဆီဂျင်လည်ပတ်မှုကောင်းစေရန် မျက်နှာအောက်ငုံ့ထားတဲ့ပုံစံမျိုး ပြုလုပ်ပေးတတ်ကြပါတယ်။
Source: New York Post.