#World_Health
Published - 6 January 2022
ကိုဗစ်ရောဂါကာကွယ်ဆေး စတုတ္ထအကြိမ်ထိုးနှံပြီး တစ်ပတ်အကြာမှာ ရောဂါကို ခုခံကာကွယ်ပေးတဲ့ antibody တွေ ၅ ဆ များပြားလာကြောင်း အစ္စရေးလ်ဝန်ကြီးချုပ် နက်ဖ်တယ်လီဘန်းနက်က အင်္ဂါနေ့က ပြောကြားလိုက်ပါတယ်။

အခုလို antibody ၅ ဆ များပြားလာခြင်းက ရောဂါပြင်းထန်စေမှုကို ထိထိရောက်ရောက် ကာကွယ်ပေးနိုင်မှာဖြစ်တယ်လို့ ရှီဘာဆေးဝါးစင်တာမှ ဒေါက်တာဂီလီရီဂျက်ဗ်ယိုရှေးက ဘန်းနက်ကို ပြောခဲ့ပါတယ်။ဒါ့အပြင် ဒုတိယအကြိမ် booster အားမြှင့်ကာကွယ်ဆေးက ပထမအကြိမ်ကဲ့သို့ပင် ဘေးကင်းစိတ်ချရတယ်လို့ ဆိုပါတယ်။

အစ္စရေးလ်နိုင်ငံဟာ တိုင်းပြည်ရှိ ပြည်သူလူထုတွေကို ကာကွယ်ပေးရုံသာမက ကိုဗစ်-၁၉ ရောဂါ သုတေသနလုပ်ငန်းတွေမှာလည်း ရှေ့တန်းမှဦးဆောင်ထုတ်လုပ်လျက်ရှိပါတယ်။
ကမ္ဘာပေါ်ရှိလူတွေရဲ့အသက်ကို ကယ်တင်ဖို့ရည်ရွယ်ထားပြီး ရရှိထားတဲ့အချက်အလက်တွေကို လေ့လာကာ ဖြန့်ဝေကူညီသွားဖြစ်တယ်လို့ ဘန်းနက်ကဆိုပါတယ်။

ကိုဗစ်ကာကွယ်ဆေးထိုးထားတဲ့သူတွေမှာ ရောဂါကူးစက်မှုတွေဖြစ်ပွားနေတာကြောင့် အသက် ၆၀ အထက်လူကြီးတွေမှာ နောက်ထပ်ကာကွယ်ဆေးတစ်ကြိမ်ထိုးနှံဖို့ ကျန်းမာရေးဝန်ကြီးဌာနက တနင်္ဂနွေနေ့က အတည်ပြုခဲ့ပါတယ်။

စတုတ္ထအကြိမ်ကာကွယ်ဆေးစထိုးပေးတဲ့ တနင်္လာနေ့မှာ ကိုဗစ်ကာကွယ်ဆေးထပ်မံထိုးနှံဖို့ လူ ၁ သိန်းကျော် စာရင်းပေးသွင်းခဲ့ပါတယ်။"ကိုဗစ်ကာကွယ်ဆေး စတုတ္ထအကြိမ်ဖြစ်တဲ့ ဒုတိယမြောက် booster အားမြှင့်ကာကွယ်ဆေးထိုးဖို့ စိတ်လှုပ်ရှားနေပါတယ်။ အိုမီခရွန်က အလွန်ကူးစက်မြန်ပါတယ်။ နေ့စဉ်နဲ့အမျှ ရောဂါကူးစက်မှုတွေမြင့်တက်နေပါတယ်။

အကောင်းဆုံးကတော့ ကာကွယ်ဆေးထိုးဖို့ပါပဲ" လို့ ကျန်းမာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် နာ့ခ်မန်အက်ရှ်က ဆိုပါတယ်။ကူးစက်ရောဂါတုန့်ပြန်ကာကွယ်ရေးကော်မတီက စတုတ္ထအကြိမ်ကာကွယ်ဆေးထိုးဖို့ အကြံပြုခဲ့ပြီး ၂ ပတ်အကြာမှာ အက်ရှ်က အသိအမှတ်ပြုလိုက်တာဖြစ်ပါတယ်။

"စတုတ္ထအကြိမ်ကာကွယ်ဆေးအတွက် ကျွန်တော်တို့ အများကြီးဆွေးနွေးခဲ့ကြပါတယ်။ အတည်ပြုဖို့ရက်အနည်းငယ်ကြာခဲ့ပေမယ့် အသိအမှတ်ပြုလိုက်ပါပြီ။ တစ်ယောက်ချင်းစီကနေ ကပ်ရောဂါကိုထိန်းချုပ်သွားပြီး တိုင်းပြည်တစ်ခုလုံးမှာ ထိန်းချုပ်သွားဖို့ ကြိုးပမ်းသွားမှာဖြစ်ပါတယ်"

လက်ရှိမှာတော့ အစ္စရေးလ်မှာ ကိုဗစ်ကူးစက်မှုတွေ မြင့်တက်နေပါတယ်။
တနင်္လာနေ့က ရောဂါကူးစက်မှုပေါင်း ၁၀,၇၂၀ ရှိခဲ့ကာ အရင်နေ့ကထက် ၄ ထောင်ကျော် ပိုများလာတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက တင်ပြထားပါတယ်။

အရင်ကူးစက်မှုတွေတုန်းက စက်တင်ဘာ ၂ ရက်နေ့မှာ ကူးစက်မှုအများဆုံးဖြစ်ခဲ့တဲ့ ၁၁,၃၃၃ ဦးကိုမီဖို့ အနည်းငယ်သာလိုတော့တာဖြစ်ပြီး နောက် ၁ ရက် ၂ ရက်အတွင်း ကျော်လွန်သွားလိမ့်မယ်လို့ ခန့်မှန်းထားကြပါတယ်။ရောဂါပြင်းထန်သူ ၈၅ ဦးရှိပြီး အဲဒီထဲက ၈၅ ရာခိုင်နှုန်းက ကာကွယ်ဆေးမထိုးထားသူတွေ ဖြစ်ပါတယ်။

အစ္စရေးလ်နိုင်ငံအတွင်း ကိုဗစ်ကြောင့်သေဆုံးသူ ၈,၂၄၇ ဦးရှိပါတယ်။
အိုမီခရွန်မျိုးဗီဇကွဲကြောင့် ကူးစက်မှုက အခြားမျိုးဗီဇကွဲကူးစက်မှုတွေထက် ပိုမိုလျင်မြန်နေပါတယ်။သက်ကြီးရွယ်အိုတွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေမှာ နောက်ထပ် booster အားမြှင့်ကာကွယ်ဆေး စတင်ထိုးနှံပြီးနောက် စတုတ္ထအကြိမ် ကာကွယ်ဆေးလာရောက်ထိုးနှံသူ ၂၄,၆၀၀ ဦးရှိကြောင်း ဖော်ပြထားပါတယ်။

ရှီဘာဆေးဝါးစင်တာက ဗုဒ္ဓဟူးနေ့ကျရင် ကျန်းမာရေးကောင်းမွန်တဲ့ဝန်ထမ်း ၁၅၀ မှာ မိုဒါနာကာကွယ်ဆေး စတုတ္ထအကြိမ်စမ်းသပ်ထိုးနှံသွားမှာလည်း ဖြစ်ပါတယ်။
Source: The Jerusalem Post