#World_Health
Published-  04 January 2022


ဆိုင်နိုဗက်(Sinovac) ကိုဗစ်ကာကွယ်ဆေး ၂ ကြိမ်ထိုးနှံပြီး ဖိုင်ဇာ booster အားမြှင့်ကာကွယ်ဆေး ၁ ကြိမ်ထိုးထားတဲ့သူတွေက ဖိုင်ဇာကာကွယ်ဆေး ၂ ကြိမ်ထိုးနှံတဲ့သူတွေထက် ရောဂါခုခံနိုင်စွမ်း antibody ပိုမိုမြင့်မားပေမယ့် အိုမီခရွန်ကူးစက်မှုကိုတော့ မကာကွယ်နိုင်ကြောင်း လေ့လာမှုတစ်ရပ်မှာ ဖော်ပြထားပါတယ်။

ဆိုင်နိုဗက်ရဲ့ ကိုရိုနာဗက်(CoronaVac)ကာကွယ်ဆေးထိုးပြီး ဖိုင်ဇာ booster အားမြှင့်ကာကွယ်ဆေး ထိုးထားတဲ့သူတွေမှာ နောက်ထပ် booster ၁ ကြိမ်ထပ်မံထိုးနှံဖို့ လိုအပ်ကြောင်း ဖော်ပြထားပါတယ်။

ဆိုင်နိုဗက်ရဲ့ ကိုရိုနာဗက်ကာကွယ်ဆေးကို တရုတ်နိုင်ငံနဲ့ ဖွံဖြိုးဆဲနိုင်ငံတွေမှာ အသုံးများကြပါတယ်။ဒိုမီနီကန်သမ္မတနိုင်ငံမှ ဆိုင်နိုဗက်ကာကွယ်ဆေးဒုတိယအကြိမ်ထိုးပြီး ၄ ပတ်အကြာမှာ ဖိုင်ဇာ booster အားမြှင့်ကာကွယ်ဆေးထိုးခဲ့တဲ့လူ ၁၀၁ ယောက်ကို ယေးလ်တက္ကသိုလ်မှ သုတေသီများက ဆန်းစစ်လေ့လာခဲ့ကြပါတယ်။

အဲဒီဆန်းစစ်ချက်ရလာဒ်တွေကို ယေးလ်နယူးဟေဗန်တက္ကသိုလ်မှ ဖိုင်ဇာကာကွယ်ဆေး ၂ ကြိမ်ထိုးနှံထားတဲ့ ကျန်းမာရေးဝန်ထမ်း ၃၇ ဦးမှ လေ့လာဆန်းစစ်ချက်တွေနဲ့ ယှဉ်ကြည့်ခဲ့ကြပါတယ်။

ကိုရိုနာဗက်ကာကွယ်ဆေး ၂ ကြိမ်ထိုးနှံတဲ့သူတွေမှာ ဖိုင်ဇာ booster အားမြှင့်ကာကွယ်ဆေးထိုးပြီး ၂၈ အကြာမှာ အရင် SARS-CoV-2 ဗိုင်းရပ်စ်တွေကို ကာကွယ်ခုခံနိုင်စွမ်းက ၁၀.၁ ဆ ပိုများလာပြီး ဒယ်လ်တာမျိုးဗီဇကွဲကို ခုခံနိုင်စွမ်းကတော့ ၆.၃ ဆ ပိုများလာတာကို တွေ့ခဲ့ကြပါတယ်။

ဒါပေမဲ့ အိုမီခရွန်မျိုးဗီဇကွဲကို ခုခံကာကွယ်နိုင်စွမ်းကတော့ အရင်မျိုးဗီဇကွဲဗိုင်းရပ်စ်တွေထက် ၆.၃ ဆ ပိုနည်းကာ ဒယ်လ်တာမျိုးဗီဇကွဲထက် ၂.၇ ဆ ပိုနည်းခဲ့ပါတယ်။
ကိုရိုနာဗက်ကာကွယ်ဆေး ၂ ကြိမ်သာ ထိုးနှံတဲ့သူတွေကတော့ ရောဂါခုခံနိုင်စွမ်းမရှိတာကို တွေ့ရှိရပါတယ်။

ဖိုင်ဇာကာကွယ်ဆေး ၂ ကြိမ်ထိုးထားတဲ့သူတွေထက်တော့ antibody ခုခံနိုင်စွမ်း ၁.၄ ဆ ပိုများပေမယ့် အိုမီခရွန်မျိုးဗီဇကွဲကို ကာကွယ်ဖို့အတွက်တော့ လုံလောက်တဲ့ပမာဏမဟုတ်ပါဘူး။

ဖိုင်ဇာကာကွယ်ဆေးထိုးထားပြီး ရောဂါကူးစက်ခဲ့တဲ့သူတွေမှာ အိုမီခရွန်အပါအဝင် အခြားမျိုးဗီဇကွဲတွေကို ကာကွယ်ပေးမယ့် antibody ခုခံနိုင်စွမ်းရှိပေမယ့် ဆိုင်နိုဗက်ကာကွယ်ဆေးထိုးပြီး ဖိုင်ဇာ booster အားမြှင့်ကာကွယ်ဆေးထိုးခဲ့သူတွေမှာတော့ အဲဒီလိုခုခံနိုင်စွမ်းမျိုး မတွေ့ရပါဘူး။

"အိုမီခရွန်ကူးစက်မှုကို ခုခံနိုင်စွမ်းက သိသိသာသာ နည်းပါးတာကြောင့် ကာကွယ်ဆေးထိုးထားပြီးသားလူတွေမှာ ကိုဗစ်ရောဂါဖြစ်ပွားနိုင်ချေ ရှိနေပါတယ်" လို့ သုတေသီတွေက ဖော်ပြခဲ့ပါတယ်။

ဒီလေ့လာချက်ကို medRxiv.org မှာ ဗုဒ္ဓဟူးနေ့က ဖော်ပြခဲ့ပြီး ဆိုင်နိုဗက်ကာကွယ်ဆေး ၂ ကြိမ်နဲ့ အခြားကိုဗစ်ကာကွယ်ဆေးထိုးထားတဲ့ နိုင်ငံတွေအတွက် သတိပြုစရာဖြစ်လာပါတယ်။

"ကိုရိုနာဗက်ကာကွယ်ဆေး ၂ ကြိမ်ထိုးနှံခြင်းက အိုမီခရွန်ကူးစက်မှုကို ကာကွယ်ဖို့မလုံလောက်ပါဘူး။ အိုမီခရွန်ကူးစက်မှုကို ကာကွယ်ဖို့က နောက်ထပ် booster အားမြှင့်ကာကွယ်ဆေး ၂ ကြိမ်ထိုးဖိုလိုအပ်ပါတယ်" လို ယေးလ်တက္ကသိုလ်မှ ရောဂါခုခံအားဆိုင်ရာ ပရော်ဖက်ဆာ အာကီကိုအီဝါဆာကီက တွစ်တာမှာ ရေးသားထားပါတယ်။

antibody က ရောဂါပိုးကို မကာကွယ်နိုင်တဲ့အခါ တီဆဲလ်က ဝင်ရောက်လာတဲ့ ပြင်ပဆဲလ်တွေကို တိုက်ခိုက်ပေးပြီး ရောဂါခုခံအားကိုတည်ဆောက်ပေးပါတယ်။
mRNA ကာကွယ်ဆေးအမျိုးအစားနဲ့ ဗိုင်းရပ်စ်ပါဝင်တဲ့ကာကွယ်ဆေးအမျိုးအစားတို့ကို ထိုးနှံထားတဲ့သူတွေမှာတော့ အိုမီခရွန်ကိုခုခံဖို့ တီဆဲလ်တွေအားကောင်းလာတာကို တွေ့ရှိခဲ့ကြပါတယ်။
Source: South China Morning Post.