#WorldNews

Published 04 January 2022

 

ငယ်စဉ်ကပြန်ပေးဆွဲခံခဲ့ရတဲ့ တရုတ်အမျိုးသားတစ်ဦးဟာ ကလေးဘဝကနေထိုင်ခဲ့တဲ့ မွေးရပ်မြေရွာလေးကို မှတ်မိသလောက် လက်နဲ့ရေးဆွဲပုံဖော်ပြီး ရှာဖွေခဲ့ရာ ရဲတွေကတွေ့ရှိခဲ့ကြပြီး သူ့မိသားစုနဲ့ပြန်လည်ပေါင်းစည်းနိုင်ခဲ့ပါတယ်။

 

၁၉၈၈ ခုနှစ် ယူနန်ပြည်နယ်ရှိ မွေးရပ်မြေရွာလေးမှာ လီကျင်းဝေကို သူတို့မိသားစုနဲ့သိတဲ့လူတစ်ယောက်က ပြန်ပေးဆွဲခဲ့တာဖြစ်ကြောင်း တရုတ်အစိုးရပိုင် The Paper မီဒီယာရဲ့ ဖော်ပြချက်ကို CNN က တင်ပြထားတာဖြစ်ပါတယ်။

 

အခုအချိန်မှာ လီကျင်းဝေဟာ အသက် ၃၇ နှစ်ရှိပြီဖြစ်ပြီး ပြန်ပေးဆွဲခံရတုန်းက အသက် ၄ နှစ်အရွယ်သာ ရှိပါသေးတယ်။ဒါပေမဲ့ ပြန်ပေးဆွဲခံရပြီးနောက် မွေးတုန်းကပေးခဲ့တဲ့နာမည်၊ မွေးရပ်မြေရွာနာမည်၊ သူ့မိဘတွေရဲ့နာမည်တွေကို မမှတ်မိဘဲဖြစ်နေခဲ့ပါတယ်။လီကျင်းဝေဟာ ပြန်ပေးဆွဲခံရပြီး ဟိုနန်ပြည်နယ်ရှိ တခြားမိသားစုတစ်ခုဆီကို ပို့ဆောင်ခံခဲ့ရပါတယ်။

 

လီက ရွာနာမည်ကို မမှတ်မိပေမယ့် မြို့ရဲ့ပုံသဏ္ဍာန်တွေကိုတော့ မှတ်မိနေပါသေးတယ်။ကျွဲနွားတွေရှိတဲ့နေရာတွေ၊ သူ့အိမ်နားက စပါးခင်းတွေ ရေကန်တွေ၊ လမ်းတွေမြစ်တွေ တည်ရှိတဲ့နေရာတွေကိုတော့ လီက မှတ်မိနေသေးတယ်လို့ ဖော်ပြထားပါတယ်။လီက ဒီဇင်ဘာ ၂၄ ရက်နေ့က Douyin app မှာ သူ့မိသားစုကို ရှာဖွေဖို့ အကူအညီတောင်းထားတဲ့ ဗီဒီယိုတစ်ခုကို တင်လိုက်ပါတယ်။ဗီဒီယိုထဲမှာ သူ့မွေးရပ်ရွာလေးကို လက်နဲ့ရေးဆွဲဖော်ပြထားတဲ့ပုံ ပြထားပါတယ်။

 

"ကျွန်တော်က ကိုယ့်မွေးရပ်မြေကို ရှာဖွေနေတာပါ၊ ၁၉၈၉ ခုနှစ် ကျွန်တော် ၄ နှစ်သားအရွယ်လောက်က အိမ်နားက ဦးခေါင်းပြောင်ပြောင်နဲ့လူတစ်ဦးက ကျွန်တော့်ကို ဟိုနန်ပြည်နယ်ဆီ ခေါ်သွားခဲ့တယ်၊ ဒါကတော့ ကျွန်တော်နေခဲ့တဲ့မွေးရပ်မြေကို မှတ်မိသလောက်ရေးဆွဲထားတာဖြစ်ပါတယ်" လို့ ဗီဒီယိုမှာ အကူအညီတောင်းထားပါတယ်။

 

"နှစ်တွေအများကြီးကြာခဲ့တာကြောင့် မိသားစုကကျွန်တော့်ကို ရှာနေတုန်းလားဆိုတာကိုတောင် မပြောတတ်ပါဘူး၊ ကျွန်တော့်မိဘတွေ ရှိနေသေးတယ်ဆိုရင် ထပ်ပြီးတွေ့ချင်ပါသေးတယ်" လို့ ဗီဒီယိုမှာ ပြောသွားပါတယ်။ရဲတွေက လီရေးဆွဲထားတဲ့ပုံကိုကြည့်ပြီး ယူနန်ပြည်နယ် ဂျောင်တောင်မြို့မှာ သူ့ရဲ့မွေးမိခင်ကို ရှာဖွေခဲ့ကြပါတယ်။

 

လီနဲ့သူ့အမေတို့ ဖုန်းဖြင့်ပြောဆိုရာ လီရဲ့မေးစေ့မှာ အမာရွတ်ရှိကြောင်း အမေဖြစ်သူက တိတိကျကျပြောပြနိုင်ခဲ့ပြီး ဒီဇင်ဘာ ၈ ရက်နေ့မှာ DNA စစ်ဆေးချက်တွေကလည်း ကိုက်ညီမှုရှိခဲ့ပါတယ်။ဟိုနန်ပြည်နယ်ရှိ ရဲစခန်းတစ်ခုမှာ ဇန်နဝါရီ ၁ ရက်နေ့က လီနဲ့သူ့အမေတို့ ပြန်လည်ပေါင်းစည်းနိုင်ခဲ့ပါတယ်။

 

တရုတ်လူမှုကွန်ရက်တစ်ခုဖြစ်တဲ့ Weibo မှာ လီနဲ့သူ့မိဘတို့ရဲ့ ပြန်လည်ပေါင်းစည်းပုံကို ကြည့်ရှုသူ သန်းနဲ့ချီပြီးရှိခဲ့ပါတယ်။လူအများစုက လီရဲ့အမေကို သနားဂရုဏာသက်မိကြောင်းနဲ့ လူကုန်ကူးသူကိုတော့ စိတ်ဆိုးထွက်နေကြကြောင်း ဖော်ပြခဲ့ကြပါတယ်။၁၉၈၀ ခုနှစ်ဝန်းကျင်က တရုတ်နိုင်ငံမှာ အိမ်ထောင်တစ်ခုကို ကလေးတစ်ယောက်သာထားရှိဖို့ မူဝါဒထုတ်ပြန်ခဲ့တာကြောင့် ကလေးပြန်ပေးဆွဲမှုတွေ နှစ်ပေါင်းများစွာတိုင်တဲ့အထိ ဖြစ်ပျက်နေခဲ့ပြီး ကလေးတစ်ယောက်ထက် ပိုမွေးတဲ့မိသားစုတွေကို ပြင်းပြင်းထန်ထန် ဒဏ်ရိုက်ခဲ့ပါတယ်။

 

အစဉ်အလာအရ သားယောက်ျားလေးတွေဟာ မိသားစုအမွေလက်ဆင့်ကမ်းဖို့ ပိုပြီးဖြစ်နိုင်ချေရှိတယ်လို့ ယူဆထားကာ သမီးမိန်းကလေးတွေကို စွန့်ပစ်ပြီး သားယောက်ျားတွေကို မှောင်ခိုရောင်းဝယ်မှုတွေတောင် ပြုလုပ်ခဲ့ကြပါတယ်။အဲဒီမူဝါဒကို နောက်ပိုင်းနှစ်တွင်ဖြေလျှော့လိုက်ကြပြီး ဇနီးမောင်နှံများအနေနဲ့ ကလေး ၃ ယောက်အထိ မွေးခွင့်ပြုထားပါတယ်။

 

ဒါပေမဲ့ တရုတ်နိုင်ငံမှာ ကလေးပြုစုပျိုးထောင်စရိတ်က အလွန်မြင့်မားတာကြောင့် ကလေးတစ်ယောက်ထက် ပိုပြီးယူဖို့ စိတ်မဝင်စားကြတော့ပါဘူးလို့ အချို့စုံတွဲတွေက Insider ကို ပြောကြားသွားပါတယ်။

Source: Insider

#Yangon_Media_Group