#World_Health
Published - 4 January 2022

အိုမီခရွန်မျိုးဗီဇကွဲ ကူးစက်တဲ့သူတွေမှာ အဆုတ်တွေကို သိပ်ပြီးထိခိုက်လေ့မရှိတာကြောင့် အခြား ကိုရိုနာဗိုင်းရပ်စ်မျိုးဗီဇကွဲတွေနဲ့ယှဉ်ရင် အိုမီခရွန်က ရောဂါပြင်းထန်မှု လျော့နည်းတာဖြစ်တယ်လို့ တိရိစ္ဆာန်သုတေသနေတွေ့ရှိချက်အသစ်အရ သိရှိရပါတယ်။

ကြွက်ကဲ့သို့ သတ္တဝါလေးတွေမှာ အိုမီခရွန်မျိုးဗီဇကွဲက ရောဂါသက်ရောက်မှုနည်းပါးပြီး နှာခေါင်း၊ လည်ချောင်း၊ လေပြွန်တို့မှာ ထိခိုက်မှုသိပ်ပြီးမတွေ့ရကြောင်း The New York Times က စနေနေ့မှာ ဖော်ပြလိုက်ပါတယ်။

တိရိစာ္ဆန်သုတေသနလေ့လာချက်က လူအများစုသိချင်နေတဲ့ အချက်တွေကို ရှင်းပြပေးနိုင်မှာဖြစ်ပါတယ်။အိုမီခရွန်မျိုးဗီဇကွဲက ဒယ်လ်တာနဲ့အခြားမျိုးဗီဇကွဲတွေလောက် ရောဂါပြင်းထန်ခြင်းမရှိတဲ့အပေါ် အခြေခံကာ လေ့လာထားတာဖြစ်ပါတယ်။

အစမ်းသပ်ခံကြွက်တွေက အခြားကိုရိုနာမျိုးဗီဇကွဲတွေ ကူးစက်တဲ့အခါ ရောဂါပြင်းထန်စွာ ဖြစ်ပွားခဲ့တယ်လို့ သိပ္ပံပညာရှင်များက အတည်ပြုလိုက်ကြပါတယ်။အဆုတ်ထဲမှာ အိုမီခရွန်က အခြားမျိုးဗီဇကွဲဗိုင်းရပ်စ်တွေရဲ့ ၁၀ ပုံ ၁ ပုံအောက်သာရှိကြောင်း တွေ့ရှိချက်တွေမှာ ဖော်ပြထားပါတယ်။

အိုမီခရွန်က ဒယ်လ်တာနဲ့ အခြားကိုရိုနာမျိုးဗီဇကွဲတွေထက် ပုံတူပွားခြင်းနှေးကွေးကြောင်း ဟောင်ကောင်တက္ကသိုလ်သုတေသီတို့က Nature ဂျာနယ်မှာ ဖော်ပြထားပါတယ်။
အိုမီခရွန်က အဆုတ်ဆဲလ်တွေထဲ ဝင်ရောက်နိုင်ချေနည်းပါးပြီး အိုမီခရွန်ကူးစက်မှုစတင်ရာ တောင်အာဖရိကနိုင်ငံမှ အချက်အလက်တွေအရ အဆုတ်ဆဲလ်တွေကို သိပ်ပြီးထိခိုက်မှုမဖြစ်စေကြောင်း အင်္ဂါနေ့က Live Science မှာ ဖော်ပြထားပါတယ်။

bioRxiv မှာဖော်ပြထားတဲ့ လေ့လာမှုအရ အိုမီခရွန်မျိုးဗီဇကွဲဟာ ကိုဗစ်ကာကွယ်ဆေးထိုးနှံမှုကနေ ရရှိတဲ့ antibody ခုခံအားကို ရှောင်ရှားသွားနိုင်ပါတယ်။အစ္စရေးလ်မှာ ပြီးခဲ့တဲ့ကြာသပတေးနေ့အထိ ကိုဗစ်ကူးစက်မှုအသစ် ၅ ထောင်နီးပါးတွေ့ရှိပြီး ရောဂါကူးစက်နိုင်ခြေရှိသူတွေနဲ့ ရောဂါလက္ခဏာပြင်းထန်စွာ ခံစားရနိုင်ချေရှိသူတွေမှာ စတုတ္ထအကြိမ်ကာကွယ်ဆေးထိုးဖို့ ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနညွှန်ကြားရေးမှူးချုပ် ပရော်ဖက်ဆာနက်ခ်မန်အက်ရှ်က ပြောကြားလိုက်ပါတယ်။

အိုမီခရွန်ကူးစက်မှုကနေဖြစ်လာတဲ့ ကိုဗစ်ရောဂါဖြစ်ပွားစေမှုဟာ ပြည်သူတွေရဲ့ ဘဝနေထိုင်မှုမှာ အနှောင့်အယှက်များဖြစ်လာနိုင်တယ်လို့ အမေရိကန်ရှိ ကျန်းမာရေးကျွမ်းကျင်သူတွေက သတိပေးထားပါတယ်။
Source: The Jerusalem Post