#World_Health
Published - 02 January 2022


တောင်အာဖရိကနိုင်ငံမှာ အိုမီခရွန်မျိုးဗီဇကွဲကူးစက်မှု အမြင့်ဆုံးအခြေအနေကနေ ကျော်လွှားခဲ့ပြီး ကိုဗစ်ရောဂါစတုတ္ထလှိုင်းကို ဖြတ်ကျော်ခဲ့ပြီဖြစ်ကြောင်း အစိုးရအဖွဲ့က ကြာသပတေးနေ့မှာ ကြေညာလိုက်ပါတယ်။

ရောဂါကြောင့် အသက်ဆုံးပါးမှုက မဖြစ်စလောက်ပမာဏလောက် များလာပေမယ့် အရင်မျိုးဗီဇကွဲတွေနဲ့ ယှဉ်ရင်တော့ နည်းပါးပါသေးတယ်။ရောဂါကူးစက်မှုတွေက ယခင်အပတ်အတွင်း ၁၂၇,၀၀၀ ရှိခဲ့ရာမှ ဒီဇင်ဘာ ၂၅ ရက်နေ့ကုန်ဆုံးတဲ့ ရက်သတ္တပတ်အတွက် အကြမ်းဖျင်း ၃၀ ရာခိုင်နှုန်းကျဆင်းခဲ့ကာ ကူးစက်မှုပေါင်း ၉၀,၀၀၀ အောက်အထိ ကျဆင်းခဲ့ကြောင်း အစိုးရအချက်အလက်တွေမှာ ဖော်ပြထားပါတယ်။

လွန်ခဲ့တဲ့ ၁ ပတ်ခွဲအတွင်း ဆေးရုံတက်ကုသခံယူမှုနှုန်း သိသိသာသာ ကျဆင်းခဲ့ပါတယ်။
နိုင်ငံရဲ့ ဆေးကုသမှုစနစ်က ပုံမှန်ကျန်းမာရေးဝန်ဆောင်မှုတွေ ပေးနိုင်ကြောင်း၊ အစိုးရက ကပ်ရောဂါထိန်းချုပ်ကန့်သတ်ချက်တွေကို ပြန်လည်ရုတ်သိမ်းသွားမှာဖြစ်ကြောင်း အစိုးရအာဏာပိုင်များက ကြာသပတေးနေ့က ထုတ်ပြန်ကြေညာလိုက်ပါတယ်။

အိုမီခရွန်ကူးစက်မှုမြင့်တက်နေတဲ့ အခြားနိုင်ငံတွေက တောင်အာဖရိကနိုင်ငံမှာ အခုနောက်ဆုံးကိုဗစ်ရောဂါလှိုင်းကို ဖြတ်သန်းနိုင်ခဲ့တဲ့အခြေအနေအပေါ် စောင့်ကြည့်နေကြမှာဖြစ်ပါတယ်။

တောင်အာဖရိကနိုင်ငံဟာ ကမ္ဘာ့တောင်ပိုင်းနွေရာသီကာလထဲကို ရောက်ရှိနေပြီး အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတွေ ဖြစ်လေ့မရှိတဲ့ အချိန်ကာလဖြစ်ပါတယ်။
အိုမီခရွန်ကူးစက်ထားတဲ့လူနာတွေမှာ အရင်မျိုးဗီဇကွဲတွေကူးစက်တဲ့လူနာတွေလောက် ဆေးပစ္စည်းအကူအညီမလိုအပ်သလို ဆေးရုံတက်ကုသခံယူမှုကလည်း နည်းပါးလာကြောင်း သြစတြေးလျနိုင်ငံ ဒိကင်တက္ကသိုလ်မှ ကူးစက်ရောဂါကျွမ်းကျင်ပညာရှင် ကက်သရင်းဘန်းနက်က ပြောလိုက်ပါတယ်။

ပဏာမလေ့လာတွေ့ရှိချက်များအရ အိုမီခရွန်က အခြားမျိုးဗီဇကွဲတွေလောက် ရောဂါမပြင်းထန်ဘူးလို့ တွေ့ရှိထားပေမယ့် ကူးစက်မြန်ပြီး ကမ္ဘာတဝန်းရှိ ကျန်းမာရေးစောင့်ရှောက်မှုစနစ်ကို အန္တရာယ်ပေးလာနိုင်ကြောင်း ကျွမ်းကျင်သူများက သတိပေးထားပါတယ်။

တောင်အာဖရိကနိုင်ငံမှာ အိုမီခရွန်ကူးစက်မှုဖြစ်ပွားချိန်မှာ ကူးစက်မှုလှိုင်းရုတ်တရက်မြင့်တက်လာခဲ့တဲ့နည်းတူ ကူးစက်မှုကျဆင်းတဲ့အခါမှာလည်း မြန်မြန်ဆန်ဆန်လျော့နည်းလာခဲ့တာဖြစ်ပါတယ်။

အိုမီခရွန်ကူးစက်မှု စိုးရိမ်ရတဲ့အခြေအနေရှိသေးပေမယ့် တောင်အာဖရိကမှာ ညမထွက်ရအမိန့်တွေ ကန့်သတ်ချက်တွေကို ရုတ်သိမ်းလိုက်ပြီး စားသောက်ဆိုင်တွေ ဘားတွေမှာ ည ၁၁ နာရီကျော်တဲ့အထိ အရက်သေစာသောက်စားခွင့် ပြုထားပါတယ်။

ကပ်ရောဂါထိန်းချုပ်ကန့်သတ်ချက်တွေကို ဖြေလျှော့လိုက်ခြင်းက ရောဂါကူးစက်မှုမြင့်တက်လာနိုင်ဖွယ်မရှိဘူးလို့ ဘန်းနက်က သုံးသပ်ပြောဆိုလိုက်ပါတယ်။
အိုမီခရွန်ကူးစက်မှု အကြီးအကျယ်ဖြစ်ပွားခဲ့တဲ့ အချက်အခြာမြို့တော်ရှဝါနီက ကိုဗစ်ရောဂါကြောင့် လက်ရှိဆေးရုံတင်ထားရတဲ့ လူနာ ၄၆၆ ဦးကို လေ့လာစစ်ဆေးပြီးတဲ့အခါ အိုမီခရွန်က ရောဂါပြင်းထန်မှုနည်းပါးကြောင်း ထပ်မံအလေးထားပြောကြားလိုက်ပါတယ်။

"အခုဆိုရင် အိုမီခရွန်ကူးစက်မှုလှိုင်းကို ကျော်လွှားနိုင်ခဲ့ပြီဆိုတာ သိသာပါတယ်။ ဒီကူးစက်မှုလှိုင်းက ခဏတာလေးသာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်" လို့ တောင်အာဖရိကဆေးသုတေသနကောင်စီမှ ဖာရိဒ်အက်ဗ်ဒူလာက တွစ်တာမှာ ဖော်ပြသွားပါတယ်။
Source: Washington Post