#World_Health


Published - 02 January 2022


အိန္ဒိယမှ ကာကွယ်ဆေးထုတ်လုပ်ရေးကုမ္ပဏီ ဆီရမ်အင်စတီကျု (Serum Institute)က သူတို့ရဲ့ ကိုဗီရှီးလ်(Covishield) ကိုဗစ်ကာကွယ်ဆေးအတွက် အပြည့်အဝအတည်ပြုထောက်ခံချက်ရရှိဖို့ နိုင်ငံတော်ဆေးဝါးညွှန်ကြားရေးနဲ့ ကျန်းမာရေးဝန်ကြီးဌာနများထံ ခွင့်ပြုချက်လျှောက်ထားလိုက်ပြီဖြစ်ကြောင်း ကုမ္ပဏီရဲ့ အမှုဆောင်အရာရှိချုပ် အက်ဒါပူနာဝယ်လာက ဒီဇင်ဘာ ၃၁ ရက်နေ့က ပြောကြားလိုက်ပါတယ်။

အက်စ်ထရာဇန်နီကာရဲ့ ကိုဗစ်ကာကွယ်ဆေးတွေကို ကိုဗီရှီးလ်အမှတ်တံဆိပ်ဖြင့် ထုတ်လုပ်နေတဲ့ ဆီရမ်အင်စတီကျုဟာ အိန္ဒိယနိုင်ငံအတွက် ကိုဗစ်ကာကွယ်ဆေးပေါင်း ၁.၂၅ ဘီလီယံကျော် ထုတ်လုပ်ပေးထားနိုင်ပါတယ်။

ဈေးကွက်မှာ အပြည့်အဝဖြန့်ဖြူးနိုင်ဖို့ လုံလောက်တဲ့အချက်အလက်တွေလည်း အိန္ဒိယအစိုးရမှာ ရှိနေပြီဖြစ်တယ်လို့ အက်ဒါပူနာဝယ်လာက တွစ်တာမှာ ရေးသားဖော်ပြထားပါတယ်။

ကမ္ဘာမှာ အကြီးမားဆုံးကာကွယ်ဆေးထုတ်လုပ်ရေးကုမ္ပဏီလို့ ယူဆလို့ရတဲ့ ဆီရမ်အင်စတီကျုဟာ ယခုနှစ်အစပိုင်းလောက်က အိန္ဒိယမှာ ကိုဗီရှီးလ်ကာကွယ်ဆေး အရေးပေါ်အသုံးပြုခွင့်အတွက် အသိအမှတ်ပြုချက်ရရှိခဲ့ပါတယ်။

အိန္ဒိယနိုင်ငံရှိ ကိုဗစ်ကာကွယ်ဆေးထိုးနှံရေး အစီအစဉ်တွင် ကိုဗီရှီးလ်နဲ့ ဘာရက်ဘိုင်အိုတက်ခ်ရဲ့ ကိုဗက်ဇင်းကာကွယ်ဆေးတိုကို အဓိကထားပြီး အသုံးပြုနေပါတယ်။
ဆီရမ်အင်စတီကျုက အက်စ်ထရာဇန်နီကာကာကွယ်ဆေး လစဉ်ထုတ်လုပ်မှုကို ၄ ဆနီးပါးတိုးမြှင့်လိုက်ပြီး ဆေးပေါင်းသန်း ၂၄၀ အထိ ထုတ်လုပ်ကာ ဇန်နဝါရီလကစပြီး ပမာဏအများအပြားတင်ပို့ဖို့ စီစဉ်ထားကြောင်း ပူနာဝယ်လာက ရိုက်တာသတင်းဌာနကို အောက်တိုဘာလက ပြောကြားခဲ့ပါတယ်။
Source: CNA