#WorldHealth

Published - 8 December 2021

နောင်အနာဂတ်မှာ ဖြစ်ပေါ်လာနိုင်တဲ့ ကပ်ရောဂါတွေဟာ ကိုဗစ်ရောဂါထက်တောင် အသက်အန္တရာယ်ပိုများနိုင်ပြီး အခုကပ်ရောဂါမှရတဲ့ မှတ်သားစရာတွေကို သတိမူကာ နောက်ထပ်ပေါ်ထွက်လာနိုင်မယ့် ဗိုင်းရပ်စ်အတွက် သေသေချာချာ ကြိုတင်ပြင်ဆင်ထားသင့်ကြောင်း အောက်စ်ဖို့ဒ်-အက်စ်ထရာဇန်နီကာ ကာကွယ်ဆေးတီထွင်သူတစ်ဦးက ဆိုပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကတော့ ကမ္ဘာတဝန်းမှာ လူပေါင်း ၅.၂၆ သန်းကို အသက်ဆုံးစေခဲ့ပြီး ငွေကြေးဆုံးရှုံးမှုပေါင်း ထရီလီယံချီခဲ့ကာ လူသန်းပေါင်းများစွာဟာလည်း စီးပွားပျက်ခဲ့ရပါတယ်။

"နောက်ဖြစ်လာနိုင်တဲ့ ရောဂါက ပိုဆိုးနိုင်ပါတယ်။ ပိုမိုကူးစက်မြန်ပြီး အသက်တွေပိုဆုံးရှုံးစေတာမျိုး ဖြစ်နိုင်ပါတယ်။ ကျွန်မတို့ရဲ့ အသက်အိုးအိမ်တွေကို ဒုက္ခပေးခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်က နောက်ဆုံးကြုံတွေ့ရမယ့် ဗိုင်းရပ်စ်မဟုတ်သေးပါဘူး"လို့ ကာကွယ်ဆေးပညာရှင် ဆာရာဂီလ်ဘတ်က BBC ကို ပြောကြားသွားပါတယ်။

ဂီလ်ဘတ်က နောက်ထပ်ပေါ်ထွက်လာနိုင်တဲ့ ဗိုင်းရပ်စ်အတွက် တစ်ကမ္ဘာလုံးက ကြိုတင်ပြင်ဆင်ထားသင့်ကြောင်း ဆိုပါတယ်။"ကျွန်မတို့ဆောင်ရွက်နိုင်ခဲ့တဲ့ အရာတွေနဲ့ သိရှိခဲ့ရတဲ့ အတွေ့အကြုံတွေကို အသုံးချသင့်ပါတယ်"လို့ ဆာရာက ပြောပါတယ်။

ကိုဗစ်ရောဂါကို အဆုံးသတ်ဖို့အတွက် ဆောင်ရွက်ကြရာမှာ မမျှမတဖြစ်နေပြီး ချမ်းသာတဲ့နိုင်ငံတွေက booster အားမြှင့်ကာကွယ်ဆေးတွေ ထိုးနေတဲ့အချိန်မှာ ဆင်းရဲတဲ့နိုင်ငံတွေကတော့ ကာကွယ်ဆေးမလောက်မငှ ရရှိနေကြောင်း ကျွမ်းကျင်သူတွေက ထောက်ပြထားပါတယ်။

SARS-CoV-2 ကပ်ရောဂါကို ဖြေရှင်းဖို့ WHO က ခန့်အပ်ထားတဲ့ ကျန်းမာရေးကျွမ်းကျင်ပညာရှင်များအဖွဲ့က ငွေကြေးထောက်ပံ့ပေးဖို့နဲ့ ကပ်ရောဂါတွေကို ဒီထက်ပိုပြီးစစ်ဆေးရှာဖွေနိုင်ဖို့ တောင်းဆိုထားပါတယ်။

ကပ်ရောဂါပြင်ဆင်စရိတ်အတွက် တစ်နှစ်ကို အနည်းဆုံး ဒေါ်လာ ၁၀ ဘီလီယံထောက်ပံ့ဖို့ တောင်းဆိုထားပါတယ်။ကိုဗစ်ရောဂါကို ၂၀၁၉ ခုနှစ်နောက်ပိုင်း တရုတ်နိုင်ငံမှာ စတင်တွေ့ရှိခဲ့ပြီး အချိန်တိုအတွင်း ကိုဗစ်ကာကွယ်ဆေးတွေ ထုတ်လုပ်နိုင်ခဲ့ကြပါတယ်။

အိုမီခရွန်မျိုးဗီဇကွဲရဲ့ သန္ဓေပြောင်းလဲပုံက ဗိုင်းရပ်စ်ကို လျင်လျင်မြန်မြန်ကူးစက်စေနိုင်တယ်လို ဂီလ်ဘတ်က ဆိုပါတယ်။"အိုမီခရွန်က ပြောင်းလဲမှုအများအပြားဖြစ်ပေါ်လာပြီး ကာကွယ်ဆေးကရတဲ့ ခုခံအားပဲဖြစ်ဖြစ်၊ အခြားမျိုးဗီဇကွဲကူးစက်ခြင်းကရတဲ့ ခုခံအားပဲဖြစ်ဖြစ် အိုမီခရွန်ကို ကာကွယ်ရာမှာ ထိရောက်မှုအားနည်းသွားပါတယ်"လို့ ဂီလ်ဘတ်က ဆိုပါတယ်။

"ဒီထက် ပိုမသိရသေးခင်မှာတော့ ကျွန်မတို့က သတိထားပြီး မျိုးဗီဇကွဲအသစ်ကူးစက်မှုကို နှောင့်နှေးသွားအောင် အဆင့်ဆင့်လုပ်ဆောင်သွားရပါမယ်"လို့ ပြောကြားသွားပါတယ်။

Source: Reuters