#WorldPolitics

Published 8 December 2021

 

ရုရှားတို့အနေနဲ့ ယူကရိန်းနိုင်ငံကို ကျူးကျော်ဝင်ရောက်လာပါက အမေရိကန်တို့က စီးပွားရေးနဲ့ အခြားကဏ္ဍတွေမှာ ပြင်းပြင်းထန်ထန် ပိတ်ဆို့အရေးယူသွားမှာဖြစ်ကြောင်း ရုရှားသမ္မတဗလာဒီမီယာပူတင်ကို အမေရိကန်သမ္မတဂျိူးဘိုင်ဒန်က အင်္ဂါနေ့က သတိပေးလိုက်ပါတယ်။

 

နေတိုး (NATO) အဖွဲ့တွေအနေနဲ့ အရှေ့ဘက်ခြမ်းကို ထပ်မံအင်အားတိုးချဲ့မလာဖို့ အာမခံချက်ကို ပူတင်ကလည်း အလိုရှိနေပါတယ်။
အဆိုပါခေါင်းဆောင်နှစ်ယောက်ဟာ အွန်လိုင်းပေါ်က ဗီဒီယိုခေါ်ဆိုကာ ၂ နာရီကြာပြောဆိုခဲ့ကြပြီး ယူကရိန်းအရေးနဲ့ အခြားအငြင်းပွားစရာကိစ္စတွေကို ဆွေးနွေးခဲ့ကြပါတယ်။

 

လွန်ခဲ့တဲ့ ဆယ်စုနှစ် ၃ ခုမတိုင်ခင် စစ်အေးကာလပြီးကတည်းက အမေရိကန်နဲ့ရုရှားတို့ကြား ဆက်ဆံရေးဟာ အဆိုးရွားဆုံးအခြေအနေရှိနေခဲ့ပြီး ယူကရိန်းနယ်စပ်နားမှာ ရုရှားစစ်အင်အား သောင်းနဲ့ချီပြီး ထားရှိထားပါတယ်။
နေတိုးတပ်ဖွဲ့တွေ အရှေ့ဘက်ခြမ်းကို တိုးချဲ့မလာအောင် အာမခံချက်ပေးဖို့ ပူတင်က တုံ့ပြန်လိုက်ပြီး ယူကရိန်းမြေမှာ နေတိုးအဖွဲ့တွေ အင်အားတိုးချဲ့ဖို့လုပ်နေတာကိုလည်း ဝေဖန်သွားပါတယ်။
ယူကရိန်းအရေးနဲ့ပတ်သက်ပြီး နေတိုးတပ်ဖွဲ့တွေ ထပ်မံမတိုးချဲ့ဖို့ကို ဘိုင်ဒန်က အာမခံချက်ပေးနိုင်မှာမဟုတ်ကြောင်း အိမ်ဖြူတော်က ပြောကြားလိုက်ပါတယ်။

 

"ဘိုင်ဒန်က ဘာလိုက်လျောမှုမှ မပြုလုပ်ခဲ့ပါဘူး။ နိုင်ငံတွေအနေနဲ့ သူတို့ပူးပေါင်းချင်တဲ့သူနဲ့ လွတ်လပ်စွာပူးပေါင်းခွင့်ရှိတဲ့အတိုင်း ဘိုင်ဒန်က ဒီအတိုင်းရပ်တည်နေမှာဖြစ်ပါတယ်"လို့ အမျိုးသားလုံခြုံရေးအကြံပေးပုဂ္ဂိုလ် ဂျိတ်ဆာလီဗန်က သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

 

ဆွေးနွေးမှုတွေက အောင်မြင်မှုမရှိခဲ့ပေမယ့် နိုင်ငံရေးတင်းမာမှုတွေ လျှော့ချနိုင်ဖို့အတွက် ရှေ့လျှောက်ဆက်ဆံပြောဆိုသွားဖို့ နှစ်ဘက်စလုံးက သဘောတူညီလိုက်ပါတယ်။

 

ယူကရိန်းကိုတိုက်ခိုက်ဖို့ ဘာရည်ရွယ်ချက်မှ မရှိကြောင်းနဲ့ နိုင်ငံတောင်ပိုင်းနယ်စပ်မှာ စစ်အင်အားချထားခြင်းက ကာကွယ်ရေးသက်သက်သာဖြစ်ကြောင်း ရုရှားအစိုးရက ပြောကြားလိုက်ပါတယ်။

 

ဒါပေမဲ့ ရုရှားစစ်အင်အားတိုးချဲ့လာခြင်းက အိမ်နီးချင်းနိုင်ငံတွေအတွက် သတိပေးတပ်လှန့်လိုက်သလို ဖြစ်နေပါတယ်။
ပူတင်ကို စီးပွားရေးအရေးယူပိတ်ဆို့မှုတွေ ပြုလုပ်နိုင်ကြောင်း၊ ဥရောပကို ဆက်သွယ်ထားတဲ့ Nord Stream 2 ဂတ်စ်ပိုက်လိုင်းကိုလည်း ဟန့်တားနှောင့်ယှက်နိုင်ကြောင်း၊ အမေရိကန်နဲ့ ဥရောပမဟာမိတ်တွေပူးပေါင်းပြီး ယူကရိန်းကို စစ်လက်နက်ကာကွယ်ရေးများ ထောက်ပံ့ပေးသွားမှာဖြစ်ကြောင်း ဘိုင်ဒန်က သတိပေးထားပါတယ်။

 

၂၀၁၄ ခုနှစ်က ရုရှားတို့က ယူကရိန်းရဲ့ ခရီမီယာကျွန်းဆွယ်ကို သိမ်းပိုက်ခဲ့မှုအပေါ် ဘာမှမကူညီပေးခဲ့နိုင်တာကို အမှတ်ရပြီး အခုအချိန်မှာတော့ ကြိုတင်ပြင်ဆင်ထားရတော့မှာဖြစ်ကြောင်း ဆာလီဗန်ကဆိုပါတယ်။

 

စစ်ရေးတိုက်ခိုက်မှုတွေရှိလာတဲ့အခါ အမေရိကန်ကိုစစ်ရေးအကူအညီ တောင်းဆိုလာပါက ကူညီသွားမှာဖြစ်ကြောင်း ဆာလီဗန်က ပြောပါတယ်။

 

အမေရိကန်က ရုရှားနိုင်ငံရဲ့ အရေးအကြီးဆုံးဘဏ်တွေကို ပစ်မှတ်ထားပိတ်ဆို့အရေးယူသွားမှာ ဖြစ်ပါတယ်။
လက်ရှိတင်းမာမှုတွေအတွက် ရုရှားကိုပဲ အပြစ်ပုံမချဖို့ ဘိုင်ဒန်ကို ပူတင်ကပြောဆိုခဲ့ကြောင်း ရုရှားအစိုးရအဖွဲ့က ဆိုပါတယ်။
အရင်က ဆိုဗီယက်ပြည်ထောင်စုကနေ ယူကရိန်းကခွဲထွက်လာပြီးနောက် အမေရိကန်တို့က စစ်ရေးအကူအညီတွေပေးခဲ့မှုအပေါ် ရုရှားတို့က ဝေဖန်နေခဲ့တာဖြစ်ပါတယ်။

Source: Reuters

#Yangon_Media_Group