#WorldHealth

Published-  8 December 2021

ကိုရိုနာဗိုင်းရပ်စ် မျိုးဗီဇကွဲအသစ်ဖြစ်တဲ့ အိုမီခရွန်ဟာ ကူးစက်မြန်ပေမယ့် အခြားမျိုးဗီဇကွဲတွေလောက် အန္တရာယ်မစိုးရိမ်ရကြောင်း ဟာဒါဆာဟီဘရူးဆေးတက္ကသိုလ်မှ ပရော်ဖက်ဆာဒရော်မီဗိုရက်ခ်က ဖော်ပြထားပါတယ်။

"ဒီအချက်ကို သတိထားစောင့်ကြည့်ပြီးမှ ဖော်ပြတာပါ။ အခုလက်ရှိ သတင်းအချက်အလက်တွေကို ကြည့်မယ်ဆိုရင် အိုမီခရွန်က မြန်မြန်ဆန်ဆန်ကူးစက်နေပေမယ့် သိပ်ပြီးအန္တရာယ်ရှိပုံတော့ မပေါ်ပါဘူး"လို့ မီဗိုရက်ခ်က ဆိုပါတယ်။

အိုမီခရွန် စတင်တွေ့ရှိခဲ့တဲ့ တောင်အာဖရိကနိုင်ငံ ရှဝါနီမြို့မှာ ပြီးခဲ့တဲ့နှစ်ပတ်အတွင်း ဆေးရုံတက်ကုသခံခဲ့ရတဲ့ လူနာ ၈၀ ရာခိုင်နှုန်းဟာ အသက် ၅၀ အောက်တွေဖြစ်ပြီး အများစုကတော့ အောက်ဆီဂျင်ပြတ်လပ်ခြင်း မရှိခဲ့ပါဘူး။

ဒါဟာ အသက်ငယ်ရွယ်သေးတဲ့ လူနာတွေမို့လို့ ဖြစ်နိုင်သလို အိုမီခရွန်က ရောဂါအပျော့စားသာ ခံစားရစေနိုင်တာလည်း ဖြစ်နိုင်ပါတယ်။အိုမီခရွန်က ပိုမိုကူးစက်မြန်ပေမယ့် ရောဂါအပျော့စားသာ ဖြစ်နိုင်တယ်ဆိုရင် တုပ်ကွေးဖြစ်ရပ်နဲ့ဆင်တူနေတယ်လို့ ကျွမ်းကျင်သူတချို့က သုံးသပ်ထားပါတယ်။

"ဒီအတိုင်းသာဆိုရင် အားလုံးအတွက် စိတ်အေးရနိုင်ပါတယ်။ ကိုဗစ်ကာကွယ်ဆေးထိုးထားတဲ့ သူတွေက ရောဂါကူးစက်ပေမယ့် ရောဂါလက္ခဏာအနည်းငယ်သာ ခံစားရတယ်လို့ တွေ့ရှိထားပါတယ်"လို့ မီဗိုရက်ခ်က ဆိုပါတယ်။

"ရောဂါခံစားရတဲ့သူတွေရှိရင် မကြာခင်ရရှိလာနိုင်မယ့် ကုသဆေးတွေပေးပြီး ကုသလို့ရမှာပါ။ ဒါမှမဟုတ် ကာကွယ်ဆေးတွေထိရောက်ဖို့ အနည်းငယ်ပြင်ဆင်ထုတ်လုပ်ရပါလိမ့်မယ်။ ကုသဆေးနဲ့ ကုဖို့က ပိုကောင်းမယ်ထင်ပါတယ်"လို့ ပြောသွားပါတယ်။

booster အားမြှင့်ကာကွယ်ဆေးထိုးထားရင် အချိန်အတော်ကြာတဲ့အထိ ရောဂါကာကွယ်ပေးနိုင်ကြောင်း မီဗိုရက်ခ်က ဖော်ပြထားပါတယ်။ "ကိုယ်ခံအားစနစ်တွေကို လေ့လာကြည့်တဲ့အခါ booster အားမြှင့်ကာကွယ်ဆေးထိုးထားရင် antibody ခုခံအားတွေ ပိုများလာပြီး ရောဂါခုခံနိုင်စွမ်း တာရှည်ခံနိုင်ပါတယ်"လို့ ပြောသွားပါတယ်။

Source: The Jerusalem Post