#WorldHealth

Published 7 December 2021

ကိုဗစ်ရောဂါမပြင်းထန်တဲ့ ကိုယ်ဝန်ဆောင်မိခင်တွေမှာ သန္ဓေသားရဲ့ဦးနှောက်ကို ရောဂါထိရောက်ခြင်းမတွေ့ရကြောင်း အင်္ဂါနေ့က မြောက်အမေရိက ဓာတ်ရောင်ခြည်အဖွဲ့အစည်းရဲ့ နှစ်ပတ်လည်အစည်းအဝေးပွဲမှာ ဖော်ပြသွားပါတယ်။

မြူးနစ်ရှိ လုဒ်ဝစ်မတ်ဆယ်မီလီယံတက္ကသိုလ်မှ ဒေါက်တာဆိုဖီယာစတော့ခ်လိုင်းဦးဆောင်တဲ့ သုတေသနအဖွဲ့က ကိုဗစ်ရောဂါအပျော့စားနဲ့ အလယ်အလတ်ရောဂါလက္ခဏာများခံစားနေရတဲ့ ကိုယ်ဝန်ဆောင်မိခင် ၃၃ ဦးရဲ့ သန္ဓေသားတွေကို MRI စကန်ဖြင့် လေ့လာခဲ့ကြပါတယ်။

သန္ဓေသားအားလုံးမှာ ပုံမှန်ရှိသင့်တဲ့ဦးနှောက်အရွယ်အစားနဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေ တွေ့မြင်ရပြီး မိခင်ရောဂါကူးစက်မှုကြောင့် သန္ဓေသားဦးနှောက်ထိခိုက်ခြင်းမရှိကြောင်း တွေ့ရှိခဲ့တယ်လို့ စတော့လိုင်းက ဆိုပါတယ်။

ကိုယ်ဝန်ဆောင်အများစုက ကိုယ်ဝန်ဆောင်ကာလ ၂၈ ပတ်အတွင်းရောက်ရှိနေကြပြီဖြစ်ပြီး ၁၈ ပတ်ကာလအတွင်းက အနံ့အရသာမရခြင်း၊ ချောင်းခြောက်ဆိုးခြင်း၊ ကိုယ်ပူခြင်း၊ အသက်ရှူမဝခြင်းတို့ ဖြစ်ပေါ်ခဲ့ဖူးပါတယ်။

ဒီလေ့လာချက်မှာ ဆေးရုံတက်ကုသမှုမခံခဲ့ရတဲ့ ကိုယ်ဝန်ဆောင်တွေသာ ပါဝင်ထားပါတယ်။"ရောဂါပြင်းပြင်းထန်ထန်ခံစားခဲ့ရတဲ့ ကိုယ်ဝန်ဆောင်တွေရဲ့ သန္ဓေသားဦးနှောက်ဖွံ့ဖြိုးမှုကို ထည့်သွင်းလေ့လာထားတာ မဟုတ်တာကြောင့် ကိုယ်ဝန်ဆောင်စဉ်ကာလအတွင်း ကိုဗစ်ရောဂါပိုးခုခံနိုင်စွမ်းကိုပဲ အားကိုးရမှာဖြစ်ပါတယ်"လို့ စတော့လိုင်းက ရိုက်တာကိုပြောကြားသွားပါတယ်။

Source: Reuters