#WorldPolitics

Published - 7 December 2021

ရုရှားသမ္မတဗလာဒီမီယာပူတင်က အိန္ဒိယနိုင်ငံကို လာရောက်ခဲ့ပြီး အာဖဂန်နစ္စတန်မှ အခြေအနေတွေကို စိုးရိမ်ပူပန်နေတယ်လို့ဆိုပါတယ်။ရုရှားနိုင်ငံနဲ့ အိန္ဒိယနိုင်ငံတို့ ပူးပေါင်းပြီး အကြမ်းဖက်မှု၊ မူးယစ်ဆေးဝါးရောင်းဝယ်မှု၊ ရာဇဝတ်မှုကြီးတွေကို အဓိကထားချေမှုန်းသွားမှာဖြစ်တယ်လို့သိရပါတယ်။

AK-203 ရိုင်ဖယ်သေနတ်ပေါင်း ၆ သိန်းနီးပါး ထုတ်လုပ်ဖို့အတွက် နှစ်နိုင်ငံသဘောတူ စာချုပ်လက်မှတ်ရေးထိုးခဲ့ကြပြီး အပြန်အလှန်စစ်ရေးထောက်ပံ့ပို့ဆောင်မှု သဘောတူညီချက်ကိုတော့ ရွှေ့ဆိုင်းထားလိုက်ပါတယ်။

နယူးဒေလီမှာ ပြုလုပ်ခဲ့တဲ့ နှစ်နိုင်ငံကြားအစည်းအဝေးမှာ အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာမိုဒီနဲ့ တွေ့ဆုံခဲ့ကြပြီး ပူတင်က "အပြည်ပြည်ဆိုင်ရာ အကြောင်းအရာကိစ္စတွေမှာ ကျွန်တော်တို့ပူးပေါင်းဆောင်ရွက်ဖို့လိုပါတယ်။ ကျွန်တော်တို့ နှစ်နိုင်ငံရဲ့အခြေအနေတွေက ဆင်တူနေတယ်။ အကြမ်းဖက်မှု၊ မူးယစ်ဆေးရောင်းဝယ်မှု၊ ရာဇဝတ်မှုတွေကို တိုက်ဖျက်နေကြတာဖြစ်ပါတယ်"လို့ ပြောကြားသွားပါတယ်။

"အာဖဂန်နစ္စတန်မှာ အခြေအနေတွေဆိုးလာတာကိုလည်း ကျွန်တော်တို့စိုးရိမ်နေရပါတယ်။ အိန္ဒိယနိုင်ငံက အင်အားကြီးနိုင်ငံဖြစ်ပြီး အချိန်ကြာတဲ့အထိ သစ္စာစောင့်သိတဲ့ မဟာမိတ်နိုင်ငံဖြစ်ပါတယ်"လို့ ပူတင်က မှတ်ချက်ပြုသွားပါတယ်။

ဝန်ကြီးချုပ်မိုဒီက "ကိုဗစ်ရောဂါကြောင့် အိန္ဒိယနဲ့ရုရှားတို့ရဲ့ ဆက်ဆံရေးအခြေအနေက ပြောင်းလဲသွားမှာမဟုတ်ပါဘူး။ ကျွန်တော်တို့နှစ်နိုင်ငံကြားက စစ်ရေးပူးပေါင်းဆောင်ရွက်မှုတွေက ဆက်လက်တည်ရှိနေဦးမှာဖြစ်ပါတယ်"လို့ ဆိုပါတယ်။

တစ်ကမ္ဘာလုံးမှာ တိုင်းရေးပြည်ရေးကိစ္စ အခြေအနေတွေ အများကြီးပြောင်းလဲသွားပေမယ့် အိန္ဒိယနဲ့ရုရှားဆက်ဆံရေးကတော့ မပြောင်းလဲဘဲတည်ရှိနေပါတယ်။
တစ်နိုင်ငံနဲ့တစ်နိုင်ငံ အထိနာစေမယ့် ကိစ္စတွေကိုလည်း သတိပြုဆောင်ရွက်ခဲ့ကြပါတယ်။

ပူတင်နဲ့မိုဒီတို့ မတွေ့ဆုံခင်မှာ အိန္ဒိယဘက်မှ ကာကွယ်ရေးဝန်ကြီးချုပ်နဲ့ နိုင်ငံခြားရေးဝန်ကြီးချုပ်တို့ဟာ ရုရှားဘက်မှ ကာကွယ်ရေးဝန်ကြီးချုပ်နဲ့ နိုင်ငံခြားရေးဝန်ကြီးချုပ်တို့ကို ၂+၂ ဝန်ကြီးအစည်းအဝေးပွဲမှာ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး AK-203 ရိုင်ဖယ်သေနတ်ပေါင်း ၆ သိန်းကို နှစ်နိုင်ငံဖက်စပ်ထုတ်လုပ်ဖို့ သဘောတူလက်မှတ်ရေးထိုးခဲ့ကြပါတယ်။

ဒီသဘောတူညီချက်ဟာ ရူပီးငွေ ၅၀ ဘီလီယံတန်ဖိုးရှိပါတယ်။
AK-203 ရိုင်ဖယ်သေနတ်သဘောတူညီချက်အပြင် ၂၀၂၁ မှ ၂၀၃၁ အတွင်း စစ်ရေးနည်းပညာပူးပေါင်းဆောင်ရွက်ဖို့ကိုလည်း သဘောတူလက်မှတ်ရေးထိုးခဲ့ကြပါတယ်။
အာဖဂန်နစ္စတန်က အခက်အခဲတွေကိုလည်း ဆွေးနွေးတိုင်ပင်ခဲ့ကြပြီး လူသားချင်းစာနာမှုကို ထောက်ပံ့ပေးဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။

ကာကွယ်ရေးပူးပေါင်းမှုအနေနဲ့ လက်နက်အစိတ်အပိုင်းတွေ၊ အပိုပစ္စည်းတွေ၊ ရုရှားထုတ်လက်နက်တွေ၊ ကာကွယ်ရေးပစ္စည်းတွေကို အိန္ဒိယတပ်ဖွဲ့တွေရဲ့ လိုအပ်ချက်နဲ့အညီ ထုတ်လုပ်သွားဖို့ သဘောတူညီခဲ့ပါတယ်။

သဘောတူညီချက်ပေါင်း ၂၈ ခုမှာ လက်မှတ်ရေးထိုးခဲ့ကြပြီး အစိုးရချင်းသဘောတူညီချက် ၉ ခုအပါအဝင် ကာကွယ်ရေး၊ ဘဏ္ဍာရေး၊ ယဉ်ကျေးမှု၊ သိပ္ပံနည်းပညာ၊ ပညာရေးနဲ့ ကျန်းမာရေးကဏ္ဍတွေ ပါဝင်ခဲ့ပါတယ်။အပြန်အလှန်စစ်ရေးထောက်ပံ့ပို့ဆောင်မှု သဘောတူညီချက်ကိုတော့ ရွှေ့ဆိုင်းထားခဲ့ပါတယ်။
Source: Indian Express