#WorldHealth

Published - 6 December 2021

ကိုရိုနာဗိုင်းရပ်စ် မျိုးဗီဇကွဲအသစ်အိုမီခရွန်ဟာ အမေရိကန်နိုင်ငံ ပြည်နယ်တွေရဲ့ ၃ ပုံ ၁ ပုံခန့်အထိ ကူးစက်ပျံ့နှံ့နေပြီဖြစ်ပေမယ့် ဒယ်လ်တာမျိုးဗီဇကွဲကသာ ကူးစက်မှုအများဆုံးရှိနေသေးကြောင်း အမေရိကန်ကျန်းမာရေးအရာရှိတွေက တနင်္ဂနွေနေ့က ပြောကြားလိုက်ပါတယ်။

မျိုးဗီဇကွဲအသစ်က တစ်ကမ္ဘာလုံးကို တပ်လှန့်လိုက်ပေမယ့် ရောဂါဆိုးရွားမှုက သိပ်ပြီးပြင်းထန်မယ့်ပုံမပေါ်ကြောင်း၊ တိတိကျကျ ကောက်ချက်ချလို့မရသေးတဲ့အပြင် နောက်ထပ်လေ့လာမှုတွေ ပြုလုပ်ဖို့လိုအပ်ကြောင်း အမေရိကန်ကူးစက်ရောဂါရှာဖွေရေးမှ ထိပ်သီးအရာရှိပုဂ္ဂိုလ် ဒေါက်တာအန်သိုနီဖော်ချီက CNN ကို ပြောကြားထားပါတယ်။ အမေရိကန်က တောင်အာဖရိကမှလာတဲ့ ခရီးသည်တွေ ကို ပြည်ဝင်ခွင့်ပိတ်ပင်ထားရာ သင့်လျော်တဲ့အချိန်ကာလတစ်ခုရောက်ရင်တော့ ပြန်လည်ဝင်ခွင့်ပြုဖို့ မျှော်လင့်ကြောင်း ဖော်ချီကဆိုပါတယ်။

တောင်အာဖရိကနိုင်ငံက အိုမီခရွန်မျိုးဗီဇကွဲကို စတင်တွေ့ရှိခဲ့ပြီး နိုင်ငံတကာမှ ကျန်းမာရေးတာဝန်ရှိသူတွေထံ ချက်ချင်းသတင်းပေးပို့ခဲ့ပေမယ့် မမျှမတဆက်ဆံခံနေရကြောင်း တောင်အာဖရိကအစိုးရက ဝေဖန်လိုက်ပါတယ်။

ဒေါက်တာဖော်ချီက တောင်အာဖရိကရဲ့ ပွင့်ပွင့်လင်းလင်း သတင်းပေးပို့မှုကို ချီးကျူးလိုက်ပြီး ဒီမျိုးဗီဇကွဲအသစ်ကို လေ့လာဖို့အချိန်လိုအပ်ကြောင်း CNN နဲ့ အင်တာဗျူးမှာ ပြောဆိုသွားပါတယ်။

အမေရိကန်ပြည်နယ် ၁၆ ပြည်နယ်မှာ အိုမီခရွန်ကူးစက်မှုကို တွေ့ရှိထားပြီး ကယ်လီဖိုးနီးယား၊ ကိုလိုရာဒို၊ ကွန်နက်တီကတ်၊ ဟာဝိုင်အီ၊ လူဝီစီယာနာ၊ မယ်ရီလန်း၊ မတ်ဆာချူဆက်၊ မင်နီဆိုတာ၊ မစ်ဆူရီ၊ နီဘရာစကာ၊ နယူးဂျာစီ၊ နယူးယော့ခ်၊ ပန်ဆယ်လ်ဗေးနီးယား၊ အူတာ၊ ဝါရှင်တန်နဲ့ ဝစ္စကွန်စင်ပြည်နယ်တို့ဖြစ်ကြောင်း ရိုက်တာကဖော်ပြထားပါတယ်။ ကူးစက်မှုအများစုဟာ ကိုဗစ်ကာကွယ်ဆေး အပြည့်ထိုးပြီးသားသူတွေဖြစ်ပြီး ရောဂါအပျော့စားသာ ဖြစ်ပွားကြပါတယ်။

အမေရိကန်မှာ အိုမီခရွန်ကူးစက်မှုတွေရှိနေပေမယ့် ကိုဗစ်ရောဂါကူးစက်မှုတွေရဲ့ ၉၉.၉ ရာခိုင်နှုန်းက ဒယ်လ်တာမျိုးဗီဇကွဲတွေသာဖြစ်ကြောင်း ဒေါက်တာရိုရှယ်လ်ဝါလန်စကီက ဆိုပါတယ်။

အမေရိကန်နိုင်ငံမှာ ပြီးခဲ့တဲ့ ၇ ရက်အတွင်း ကိုဗစ်ရောဂါကူးစက်မှု နေ့စဉ် ၁၁၉၀၀၀ ခန့်ရှိခဲ့ပြီး ကိုဗစ်ကြောင့်သေဆုံးသူ နေ့စဉ် ၁၃၀၀ နီးပါးရှိကြောင်း ရိုက်တာကဖော်ပြထားပါတယ်။ မကြာခင်မှာ နယူးအော်လင်းမြို့သို့ နော်ဝေမှအပျော်စီးသင်္ဘောတစ်စီး ဆိုက်ကပ်လာဖို့ရှိပြီး ထိုသင်္ဘောပေါ်မှာ ခရီးသည် ၃၀၀၀ ကျော်တင်ဆောင်လာပြီး ကိုဗစ်ကူးစက်ထားသူ ၁၀ ယောက်ပါဝင်ကြောင်း စနေနေ့က ဖော်ပြထားပါတယ်။

ထိုခရီးသည်တွေကို ရောဂါပိုးစစ်ဆေးမှုတွေ ပြုလုပ်သွားမှာဖြစ်ပြီး ရောဂါထိန်းချုပ်ကာကွယ်ရေးစင်တာမှ ကာကွယ်ရေးနည်းလမ်းတွေနဲ့ ကွာရန်တင်းသတ်မှတ်ချက်တွေအတိုင်း ဆောင်ရွက်သွားမှာဖြစ်ပါတယ်။

အမေရိကန်မှာ အိုမီခရွန်ကူးစက်မှုမြင့်တက်လာပြီးနောက် ကာကွယ်ဆေးထုတ်လုပ်ရေးကုမ္ပဏီတွေက အိုမီခရွန်ကိုပစ်မှတ်ထားပြီး ကာကွယ်ဆေးထုတ်လုပ်ဖို့ အလျင်အမြန်လုပ်ဆောင်လာကြပါတယ်။

အမေရိကန်မှ တာဝန်ရှိသူတွေက လေ့လာစမ်းသပ်မှုတွေကို မြန်မြန်ဆန်ဆန်ပြုလုပ်သွားမယ်လို့ ဆိုထားပေမယ့် လပေါင်းများစွာကြာမြင့်ဦးမှာဖြစ်ပါတယ်။

Source: Reuters