#WorldHealth

Published -5 December 2021

မိုဒါနာကုမ္ပဏီက အိုမီခရွန်မျိုးဗီဇကွဲကို ပစ်မှတ်ထားထုတ်လုပ်တဲ့ ကိုဗစ်ကာကွယ်ဆေးကို အစောဆုံးအနေနဲ့ မတ်လအရောက်မှာ အဆင်သင့်ဖြစ်နေအောင် ထုတ်လုပ်သွားမည်ဖြစ်ပြီး အမေရိကန်တာဝန်ရှိသူများထံမှ အသိအမှတ်ပြုခွင့်ကို တောင်းခံသွားမှာဖြစ်ကြောင်း ကုမ္ပဏီဥက္ကဌက ဒီဇင်ဘာ ၁ ရက်နေ့က ပြောကြားသွားပါတယ်။

ကာကွယ်ဆေးအာနိသင်လျော့နည်းပြီး ဆေးမတိုးခြင်းများမဖြစ်အောင် အိုမီခရွန်မျိုးဗီဇကွဲအသစ်ရဲ့ သန္ဓေပြောင်းလဲမှုပုံစံတွေကို ပစ်မှတ်ထားတဲ့ ဗီဇ gene တွေအသုံးပြုပြီး booster အားမြှင့်ကာကွယ်ဆေးထုတ်လုပ်သွားနိုင်ဖို့ ယုံကြည်ထားကြောင်း၊ ဒီအစီအစဉ်ကို စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း မိုဒါနာကုမ္ပဏီဥက္ကဌ စတီဖင်ဟိုဂ်ျက ဆိုပါတယ်။

အိုမီခရွန်မျိုးဗီဇကွဲအပါအဝင် ကိုရိုနာမျိုးဗီဇကွဲ ၄ မျိုးအထိ ကာကွယ်ပေးနိုင်မယ့် စွယ်စုံရကိုဗစ်ကာကွယ်ဆေးကိုလည်း ထုတ်လုပ်နိုင်ဖို့ ကြိုးစားနေပါတယ်။
ဒီဆေးကတော့ လပေါင်းများစွာကြာဦးမှာဖြစ်ကြောင်း ဥက္ကဌကဆိုပါတယ်။

အမေရိကန်နိုင်ငံမှာ ပထမဆုံးအိုမီခရွန်မျိုးဗီဇကွဲကူးစက်မှုကို ကယ်လီဖိုးနီးယားမှာ တွေ့ရှိခဲ့ကြောင်း အမေရိကန်ရောဂါထိန်းချုပ်ကာကွယ်ရေးစင်တာက ကြေညာထားပါတယ်။
အိုမီခရွန်က အခြားမျိုးဗီဇကွဲတွေထက် ကာကွယ်ဆေးခုခံအားကို ကျော်ဖြတ်နိုင်ပြီး ရောဂါပိုမိုကူးစက်ပြင်းထန်စေသလားဆိုတာကို လေ့လာနေကြပါတယ်။

"အိုမီခရွန်အတွက် ထုတ်လုပ်မယ့် booster အားမြှင့်ကာကွယ်ဆေးတွေက မတ်လမတိုင်ခင်အထိ ရရှိနိုင်ဦးမှာမဟုတ်ဘဲ အသိအမှတ်ပြုခွင့်ရဖို့ လိုအပ်ချက်တွေကို FDA က မပြောင်းလဲဘူးဆိုပါက ၄ လပိုင်းနောက်ပိုင်းမှ ရရှိနိုင်မှာပါ"လို့ စတီဖင်ဟိုဂ်ျက ဆိုပါတယ်။

မိုဒါနာက စမ်းသပ်မှုတွေပြုလုပ်နေပြီဖြစ်ပြီး ကာကွယ်ဆေးကို တတ်နိုင်သမျှ အမြန်ဆုံးထုတ်လုပ်သွားနိုင်အောင် ဆောင်ရွက်သွားမှာဖြစ်ကြောင်း စတီဖင်ဟိုဂ်ျက ပြောထားပါတယ်။

FDA က လက်ရှိမှာ အိုမီခရွန်ကြောင့် ကာကွယ်ဆေးမတိုးနိုင်မယ့် အန္တရာယ်ကို သုံးသပ်နေပြီး တုပ်ကွေးကာကွယ်ဆေးထုတ်လုပ်သလိုမျိုး အချိန်တိုအတွင်း အသိအမှတ်ပြုနိုင်အောင် ပြောင်းလဲသတ်မှတ်လို့ရပါတယ်။

အိုမီခရွန်က လက်ရှိကာကွယ်ဆေးတွေရဲ့ အာနိသင်သက်ရောက်မှု ဘယ်လောက်အထိလျော့နည်းနိုင်သလဲဆိုတာကို သေသေချာချာ မသိရှိသေးပေမယ့် တော်တော်များများလျော့နည်းနိုင်ကြောင်း စတီဖင်ဟိုဂ်ျက မှန်းဆထားပါတယ်။

"ဒီအိုမီခရွန်က ဘီတာလိုမျိုးဖြစ်မှာလား ဒယ်လ်တာလိုမျိုးဖြစ်မှာလား ဒါမှမဟုတ် ၂ မျိုးစလုံးရောယှက်ပြီး ဖြစ်မှာလားဆိုတာကို သိချင်နေကြပါတယ်။ ဒါကိုပဲ အတော်များများက စိတ်ပူနေကြပါတယ်"လို့ ဆိုပါတယ်။

မိုဒါနာကာကွယ်ဆေး အပြည့်ထိုးထားတဲ့သူတွေက အိုမီခရွန်ကို ကာကွယ်နိုင်မလားဆိုတာကို ကုမ္ပဏီက စမ်းသပ်စစ်ဆေးနေပါတယ်။

"လက်ရှိကာကွယ်ဆေးတွေက အိုမီခရွန်မျိုးဗီဇကွဲကို လုံးဝမကာကွယ်နိုင်ဘူးဆိုရင်တောင် အနည်းဆုံးတော့ နှောင့်နှေးသွားအောင် ပြုလုပ်နိုင်မယ်လို့ ယုံကြည်ထားပါတယ်"လို့ စတီဖင်ဟိုဂ်ျက ပြောသွားပါတယ်။
Source: CNA