Published: 5 December 2021

ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးဟာ အင်ဒိုပစိဖိတ်ဒေသမှာ တရုတ်ရဲ့ ပါဝါကို အားနည်းသွားစေခဲ့ပြီး ဒေသရဲ့ လုံခြုံရေးဆိုင်ရာ မရေရာမှုတွေနက်ရှိုင်းလာမှုကြောင့် စစ်ပွဲဖြစ်လာနိုင်တဲ့ သိသာတဲ့ အန္တရာယ်ပေါ်ပေါက်လာနေတယ်လို့ ယနေ့ ဒီဇင်ဘာ ၅ရက် မှာထုတ်ဝေတဲ့ လိုဝီအင်စတီကျုရဲ့ အစီရင်ခံစာတစ်ခုမှာ ဖော်ပြထားပါတယ်။

တရုတ်နိုင်ငံရဲ့ အရှိန်အဝါမြင့်တက်လာမှုတွေကို တုန့်ပြန်ဖို့ စစ်ရေးနှင့် မဟာဗျူဟာမြောက်ချိန်ညှိရာမှာ  ဒေသတွင်းက အမေရိကန်ရဲ့ မဟာမိတ်နိုင်ငံတွေနှင့် အဓိကချိန်ညှိတဲ့ပါဝါတွေဖြစ်တဲ့ အိန္ဒိယလိုမျိုးနိုင်ငံတွေဟာ အမေရိကန်ရဲ့ စွမ်းရည် အပေါ်မှာ ယခင်နှင့်မတူ မှီခိုမှုတွေများလာတယ်လို့ ဆစ်ဒနီအခြေပြု နိုင်ငံခြားရေးရာမူဝါဒ ပညာရှင် ဉာဏ်ကြီးရှင်အဖွဲ့ ဖြစ်တဲ့ လိုဝီက ပြောပါတယ်။

တစ်ပြိုင်တည်းလိုပါပဲ၊ အရှေ့တောင်အာရှနိုင်ငံတွေ အမေရိကန်ရဲ့ မဟာမိတ်ညွန့်ပေါင်းမှာ သွားရောက် မပူးပေါင်းဖို့ ဘေဂျင်းကလည်း ဖျောင်းဖျနေပါတယ်။ ဘေဂျင်းဟာ ရုရှား၊ပါကစ္စတန်နှင့် မြောက်ကိုးရီးယားတို့နှင့် စစ်ရေးအပြန်အလှန် ပူးပေါင်းဆောင်ရွက်မှုတွေအဆင့်မြှင့်တင်နေပါတယ်။ ပြီးတော့ ဒေသအတွင်းမှာ တရုတ်မဟာမိတ် နူကလီးယားလက်နက်ပါဝါသုံးနိုင်ငံတွဲတစ်ခု ဖန်တီးနေပါတယ်။

“ စစ်ရေးပါဝါဟန်ချက်ချိန်ညှိမှုပေါ်ထွန်းလာခြင်းက  အင်ဒိုပစိတ်ဖိတ်ဒေသမှာ ဟန့်တားမှုနှင့် မဟာဗျူဟာမြောက် တည်ငြိမ်မှုကို ဖြစ်ထွန်းစေနိုင်မလားဆိုတာကတော့ ဖွင့်ထားတဲ့မေးခွန်းတစ်ခုပဲ” လို့ အစီရင်ခံစာမှာဖော်ပြထားပါတယ်။

“ ရန်လိုမှုတွေရဲ့နက်ရှိုင်းမှု၊အမေရိကန်-တရုတ်ပြိုင်ဆိုင်မှုရဲ့ကျယ်ပြန့်မှုနှင့် များပြားလှတဲ့ ဖြစ်လာနိုင်သော ပေါက်ကွဲလုနီးပါးအခြေအနေတွေဟာ စစ်ပွဲဖြစ်မယ့်အန္တရာယ် သိသာထင်ရှားလာတယ်ဆိုတဲ့ သဘောဆောင်နေတယ်” လို့ အစီရင်ခံစာကရေးသားပါတယ်။

ကပ်ဘေးရဲ့ရိုက်ခတ်မှုဟာ ဒေသရဲ့ချမ်းသာကြွယ်ဝမှုကို လျော့နည်းလာစေခဲ့ပြီး တရုတ်ရဲ့ လုံးဝဥဿုံပါဝါကို အားနည်းလာစေပါတယ်။

“ ဘေဂျင်းဟာ ယင်းနှင့် လက်ရည်တူပြိုင်ဘက်တွေကို ကျယ်ပြန်တဲ့ပါဝါနှင့်  ဖြတ်ကျော်တက်ဖို့ ဒီဆယ်စုနှစ်ကုန်အထိ ဖြစ်နိုင်ဖွယ်မရှိပါဘူး။ ကမ္ဘာကြီးမှာ တရုတ်ရဲ့ မြင့်တက်မှုဟာ မလွဲဧကန်ဆိုတာလည်း မဖြစ်နိုင်ပါဘူး။ တစ်ခါတုန်းက အမေရိကန်တို့ကြီးစိုးခဲ့သလိုမျိုး တရုတ်ဖြစ်လာနိုင်ဖို့ ဆိုတာ ဖြစ်နိုင်ဖွယ်မရှိပါဘူး” လို့ အစီရင်ခံစာကရေးသားပါတယ်။

ပြီးခဲ့တဲ့နှစ်တွေအတွင်း တရုတ်နှင့်ဆက်ဆံရေး ယိုယွင်းလာတဲ့ ဩစတြေလျဟာ  တရုတ်ရဲ့ ကြီးထွားလာတဲ့ပါဝါကို အမေရိကန်မိတ်ဖက်အများစုတွေထက် ကြံကြံခံနိုင်ခဲ့ပေမယ့် ယခုတော့ ဝါရှင်တန်ကို မှီခိုမှုတွေပိုကြီးထွားလာနေပါတယ်။

၂၀၁၈ခုနှစ်တုန်းက ဩစတြေလျဟာ တရုတ်နည်းပညာကုမ္ပဏီကြီး ဟွာဝေးကို 5G ဆက်သွယ်ရေးကွန်ယက်ကို သူ့နိုင်ငံမှာ ပိတ်ပင်တားဆီးခဲ့ပါတယ်။ ကင်ဘာရာက ကိုရိုနာဗိုင်းရပ်စ်ရဲ့ ဇာစ်မြစ်ကို လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေနှင့် ဖော်ထုတ်ထို့ မနှစ်ကပြောပြီးနောက် ဆက်ဆံရေးပိုဆိုးလာခဲ့ပါတယ်။

Source: Reuters