#WorldHealth

Published -  4 December 2021

ဆိုင်နိုဗက် ဒါမှမဟုတ် ဆိုင်နိုဖန်ကိုဗစ်ကာကွယ်ဆေး ၂ ကြိမ်ထိုးပြီးသားသူတွေဟာ ဇန်နဝါရီ ၁ ရက်နေ့ကစပြီး ကာကွယ်ဆေးအပြည့်ထိုးပြီးကြောင်း သတ်မှတ်နိုင်ဖို့အတွက် တတိယအကြိမ်ကာကွယ်ဆေးထိုးရန် လိုအပ်ကြောင်း စင်္ကာပူမှာ အသိပေးထားပါတယ်။ ကိုဗစ်ကာကွယ်ဆေး ၂ ကြိမ်ထိုးထားတဲ့သူ ၇ သောင်းထံကို တတိယအကြိမ်ကာကွယ်ဆေးထိုးဖို့ ဒီဇင်ဘာ ၁ ရက်နေ့ကစပြီး မက်ဆေ့ခ်ျ အသိပေးစာများ ဆက်တိုက်ပို့ထားကြောင်း ကျန်းမာရေးဝန်ကြီးဌာန (MOH)က ပြောကြားလိုက်ပါတယ်။

ဒုတိယအကြိမ်ကာကွယ်ဆေးထိုးပြီး ၃ လကြာတဲ့အခါ တတိယအကြိမ်ထိုးနှံနိုင်ပြီ ဖြစ်ပါတယ်။"လွန်ခဲ့တဲ့ ၃ လက ကာကွယ်ဆေးဒုတိယအကြိမ်ထိုးပြီးတဲ့သူတွေက ၂၀၂၂ ဇန်နဝါရီ ၁ ရက်နေ့ကစပြီး ကာကွယ်ဆေးအပြည့်ထိုးပြီးကြောင်း သတ်မှတ်ဖို့အတွက် ဒီဇင်ဘာ ၃၁ ရက်နေ့မတိုင်ခင် တတိယအကြိမ်ကာကွယ်ဆေးထိုးဖို့ အကြံပြုချင်ပါတယ်"လို့ MOH က ကြာသပတေးနေ့က ပြောသွားပါတယ်။

ဇန်နဝါရီ ၁ ရက်နေ့မှာ တတိယအကြိမ်ကာကွယ်ဆေးမထိုးရသေးပါက ကာကွယ်ဆေးထိုးနှံမှု မပြည့်စုံသေးကြောင်း သတ်မှတ်သွားမှာဖြစ်ပြီး ကာကွယ်ဆေးထိုးနှံမှုအပေါ် ခွဲခြားသတ်မှတ်တဲ့နေရာတွေနဲ့ လုပ်ငန်းခွင်ကန့်သတ်ချက်တွေမှာ အကျိုးသက်ရောက်လာမှာ ဖြစ်ပါတယ်။

နောက်နှစ်ကစပြီး ကာကွယ်ဆေးလုံးဝမထိုးရသေးသူတွေနဲ့ ကာကွယ်ဆေးအပြည့်မထိုးရသေးသူတွေဟာ အချို့နေရာတွေကိုသွားလာရာမှာ လိုအပ်တဲ့ ကိုဗစ်ရောဂါပိုးစစ်ဆေးစမ်းသပ်ချက်တွေကို ပြုလုပ်ခွင့်ရှိမှာမဟုတ်ပါဘူး။

အောက်တိုဘာလက စင်္ကာပူကာကွယ်ဆေး ၃ ကြိမ်ထိုးနှံရေး အစီအစဉ်မှာ ဆိုင်နိုဗက်ကာကွယ်ဆေးပါဝင်ကြောင်း ကြေညာခဲ့ပြီးနောက် အခုလို ကျန်းမာရေးဝန်ကြီးဌာနက အသိပေးချက်ထွက်ရှိလာတာဖြစ်ပါတယ်။

ပြည်တွင်းမှာ ကာကွယ်ဆေးထိုးနှံမှုနှုန်း မြင့်မားနေပေမယ့် mRNA ကာကွယ်ဆေးအမျိုးအစား မထိုးချင်တဲ့သူတွေလည်း ရှိနေပါသေးတယ်။ဆိုင်နိုဗက် ဒါမှမဟုတ် ဆိုင်နိုဖန်ကာကွယ်ဆေး ၂ ကြိမ်ထိုးထားတဲ့သူတွေက mRNA ကာကွယ်ဆေးတစ်မျိုးမျိုးကို တတိယအကြိမ်အဖြစ်ထိုးနှံဖို့ MOH က အကြံပြုထားပါတယ်။

"ပထမ ၂ ကြိမ်ကို ဘယ်ဆေးပဲထိုးထားသည်ဖြစ်စေ ဆိုင်နိုဗက် ဒါမှမဟုတ် ဆိုင်နိုဖန်ကာကွယ်ဆေးကို တတိယအကြိမ်အဖြစ် ထိုးနှံသင့်ပါတယ်"လို့ ဆိုပါတယ်။

Source: CNA