#WorldHealth

Published 4 December 2021

အိုမီခရွန်မျိုးဗီဇကွဲဟာ အခြားမျိုးဗီဇကွဲတွေထက် ပိုမိုလျင်မြန်စွာပျံ့နှံနိုင်တာကြောင့် ကမ္ဘာတဝန်းမှ သိပ္ပံပညာရှင်တွေက စိုးရိမ်နေကြပါတယ်။တရုတ်နိုင်ငံက အိုမီခရွန်မျိုးဗီဇကွဲကို အဓိကပစ်မှတ်ထားပြီး ကိုဗစ်ကာကွယ်ဆေးတွေကို အရှိန်မြှင့်လေ့လာထုတ်လုပ်နေကြောင်း ကျန်းမာရေးတာဝန်ရှိသူတစ်ဦးက ကြာသပတေးနေ့က ဆိုပါတယ်။

တရုတ်ပြည်မကြီးမှာ အခုထက်ထိတော့ အိုမီခရွန်ကူးစက်မှု မတွေ့ရသေးပါဘူး။
"နည်းစနစ်အမျိုးမျိုးကို အသုံးပြုပြီး အိုမီခရွန်ကို ကာကွယ်နိုင်မယ့် ကာကွယ်ဆေးတွေထုတ်လုပ်နိုင်ဖို့ ရှေ့ဆက်ကြိုးပမ်းနေကြပါတယ်"လို့ တရုတ်နိုင်ငံ ကိုဗစ်ကာကွယ်ဆေးထုတ်လုပ်ရေးအဖွဲ့မှ ကျန်ကျောင်ဝေက CCTV ကို ပြောကြားသွားပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း WHO က အိုမီခရွန်မျိုးဗီဇကွဲဟာ စိုးရိမ်ရတဲ့ရောဂါပိုးဖြစ်ကြောင်း ပြောထားပါတယ်။အိုမီခရွန်ကို ပစ်မှတ်ထားထုတ်လုပ်တဲ့ ကာကွယ်ဆေးတွေကို လတ်တလောအသုံးပြုနိုင်ဖွယ်မရှိသေးပေမယ့် တရုတ်တို့ကတော့ ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်ထားဖို့လိုအပ်ကြောင်း ကျန်ကျောင်ဝေက ဆိုပါတယ်။

အိုမီခရွန်က ကာကွယ်ဆေးကရတဲ့ ခုခံအားကို ရှောင်ရှားသွားနိုင်လားဆိုတာ အထောက်အထားတွေမပြနိုင်သေးပါဘူး။ဒါပေမဲ့ လက်ရှိကာကွယ်ဆေးကတော့ ရောဂါလက္ခဏာပြင်းထန်မှုနဲ့ အသက်သေဆုံးမှုတို့ကို လျှော့ချနိုင်ဖို့ မျှော်မှန်းထားပါတယ်။

တရုတ်ကာကွယ်ဆေးထုတ်လုပ်ရေး ဆိုင်နိုဗက်ဘိုင်အိုတက်ခ်က သူတို့ရဲ့လက်ရှိကာကွယ်ဆေးက အိုမီခရွန်ကိုကာကွယ်နိုင်သလား ဒါမှမဟုတ် ကာကွယ်ဆေးအသစ်ထုတ်ဖို့ လိုအပ်သလားဆိုတာကို လေ့လာဆန်းစစ်နေပါတယ်။

ရှန်ကျန်ကန်တိုင်ဆေးကုမ္ပဏီက အခြားအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး အိုမီခရွန်ကာကွယ်ဆေး ထုတ်လုပ်ဖို့ စီစဉ်နေပါတယ်။ဘိုင်အိုအန်တက်ခ်ကုမ္ပဏီက ဖိုင်ဇာကုမ္ပဏီနဲ့ တွဲဖက်ထုတ်လုပ်ထားတဲ့ကာကွယ်ဆေးကို ပြင်ဆင်ထုတ်လုပ်ဖို့လိုသလားဆိုတာကို ဆုံးဖြတ်နိုင်ဖို့ အိုမီခရွန်နဲ့ပတ်သက်တဲ့ အချက်အလက်တွေကို ၂ ပတ်အတွင်း ရရှိဖို့မျှော်လင့်နေပါတယ်။

တရုတ်နိုင်ငံက နိုင်ငံတကာမှထုတ်လုပ်တဲ့ ကိုဗစ်ကာကွယ်ဆေးတွေကို အသိအမှတ်မပြုသေးဘဲ ပြည်တွင်းထုတ်ကာကွယ်ဆေးတွေကိုသာ အသုံးပြုနေပါတယ်။

Source: Reuters