#WorldHealth

Published -  3 December 2021

အိန္ဒိယနိုင်ငံမှာ ကြာသပတေးနေ့က ပထမဆုံး အိုမီခရွန်မျိုးဗီဇကွဲကူးစက်သူ ၂ ယောက်ကို တွေ့ရှိခဲ့ကြောင်း ဖော်ပြထားပါတယ်။ဥပဒေရေးရာကျွမ်းကျင်သူတွေက booster အားမြှင့်ကာကွယ်ဆေးထိုးဖို့ အကြံပြုထားကြပေမယ့် အစိုးရကတော့ အခုချက်ချင်းကြီး booster ထိုးဖို့ အစီအစဉ်မရှိသေးကြောင်း ဆိုပါတယ်။

မျိုးဗီဇကွဲအသစ်တွေ့ရှိခဲ့တဲ့ အမျိုးသား ၂ ဦးက အသက် ၆၆ နှစ်နဲ့ ၄၆ နှစ်အရွယ်တွေဖြစ်ပြီး ရောဂါအပျော့စားလက္ခဏာတွေ တွေ့ရတယ်လို့ ပြည်ထောင်စုကျန်းမာရေးဝန်ကြီးဌာနက ဆိုပါတယ်။ထိုနှစ်ဦးကို ကာနာတာကာတောင်ဘက်ပိုင်းမှာ တွေ့ရှိခဲ့ကြပြီး ပထမတစ်ဦးက တောင်အာဖရိကနိုင်ငံသားဖြစ်ပါတယ်။

ထိုအမျိုးသားက အိန္ဒိယမှာ တစ်ပတ်နေထိုင်ခဲ့ကာ စစ်ဆေးချက်အရ ရောဂါပိုးမတွေ့ကြောင်း သိရပြီးနောက် ပြီးခဲ့တဲ့စနေနေ့က ပြန်လည်ထွက်ခွာသွားခဲ့ပါတယ်။
နောက်ထပ်မျိုးဗီဇကွဲကူးစက်သူက အိန္ဒိယလူမျိုးဆရာဝန်တစ်ဦးဖြစ်ပြီး လတ်တလောခရီးသွားထားခြင်း မရှိပါဘူး။

ကူးစက်သူ ၂ ဦးစလုံးက ကာကွယ်ဆေးအပြည့်ထိုးထားသူတွေ ဖြစ်ကြပါတယ်။
ထိုဆရာဝန်က နိုဝင်ဘာ ၂၃ ရက်က နေမကောင်းဖြစ်ပြီးနောက် သူ့ဘာသာသူ သီးခြားနေထိုင်နေခဲ့ပြီး ဆရာဝန်နဲ့ ထိတွေ့ပြောဆိုခဲ့တဲ့ ၅ ဦးကို ဆေးစစ်ရာမှာ ရောဂါပိုးတွေ့ရှိခဲ့ပြီး ဘယ်မျိုးဗီဇကွဲကူးစက်လဲဆိုတာကို စစ်ဆေးထားပါတယ်။

အိန္ဒိယနိုင်ငံဟာ ဧပရယ်လနဲ့ မေလက ဒယ်လ်တာမျိုးဗီဇကွဲကြောင့် စံချိန်တင်ကူးစက်မှုတွေဖြစ်ခဲ့ပြီး အသက်သေဆုံးမှု အများအပြားဖြစ်ခဲ့ပါတယ်။ပြည်တွင်းဖြစ်ကိုဗစ်ကာကွယ်ဆေးတွေ အလုံအလောက်ရှိနေပေမယ့် လူဦးရေ ၉၄၄ သန်းမှာ ၄၉ ရာခိုင်နှုန်းကသာ ကာကွယ်ဆေးအပြည့်ထိုးထားတာဖြစ်ပါတယ်။

ကိုဗစ်ကာကွယ်ဆေးပေါင်း သန်း ၂၃၀ နီးပါးအဆင်သင့်ရှိနေတာကြောင့် ကျန်းမာရေးဝန်ထမ်းတွေနဲ့ ရောဂါကူးစက်လွယ်တဲ့သူတွေမှာ booster အားမြှင့်ကာကွယ်ဆေးထိုးဖို့ ဥပဒေပြဌာန်းသူတွေက ကြာသပတေးနေ့က အစိုးရကို တိုက်တွန်းလိုက်ပါတယ်။

ဒါပေမဲ့ ကျန်းမာရေးတာဝန်ရှိသူတွေက အရင်ဆုံး အရွယ်ရောက်ပြီးသူအားလုံးမှာ ကာကွယ်ဆေးအပြည့်ထိုးဖို့သာ ဦးစားပေးဖြစ်ကြောင်း ထပ်မံပြောကြားထားပါတယ်။

"အရွယ်ရောက်ပြီးသူတွေမှာ ကာကွယ်ဆေးနှစ်ကြိမ်ထိုးနှံဖို့ ရည်မှန်းထားတာကို သွေဖယ်သွားလို့မဖြစ်ပါဘူး"လို့ အကြီးတန်းကျန်းမာရေးအရာရှိ ဗီနော့ကူမာပေါလ်က ဆိုပါတယ်။
ကြာသပတေးနေ့က အိန္ဒိယမှာ ကိုဗစ်ရောဂါပိုးတွေ့ရှိသူ ၉၇၆၅ ဦး ထပ်တိုးလာပြီး ၄၇၇ ဦးထပ်မံသေဆုံးခဲ့ပါတယ်။
Source: Reuters