#WorldTechnology

Published -  3 December 2021

ကိုဗစ်ရောဂါပိုးကိုတွေ့ရှိပါက အချက်ပေးမယ့်စနစ် ပါဝင်တဲ့စမတ်လက်ပတ်နာရီတွေကို လက်တွေ့အသုံးပြုနိုင်ဖို့ နီးစပ်နေပြီဖြစ်ကြောင်း သုတေသီတွေက တနင်္လာနေ့က ပြောကြားလိုက်ပါတယ်။အဲဒီအချက်ပေးစနစ်ကို ဖစ်ဘစ်နာရီ၊ အက်ပဲလ်နာရီ၊ ဂါမင်နာရီတွေနဲ့ တခြားပစ္စည်းတွေ အသုံးပြုနေတဲ့ လူ ၂၁၅၅ ယောက်မှာ စမ်းသပ်သုံးစွဲခွင့်ပေးခဲ့ပါတယ်။
အဲဒီအထဲက ၈၄ ယောက်က ကိုရိုနာဗိုင်းရပ်စ်တွေ့ရှိခဲ့ပြီး ရောဂါလက္ခဏာမပေါ်သူ ၁၄ ဦးပါဝင်နေပါတယ်။

သုတေသီတွေဖန်တီးထားတဲ့ အယ်လ်ဂိုရစ်သမ်စနစ်က ရောဂါလက္ခဏာမပေါ်ခင် ၃ ရက်အလိုမှာ ရောဂါပိုးကူးစက်သူ ၈၀ ရာခိုင်နှုန်းကို အချက်ပြထုတ်ဖော်နိုင်ခဲ့တာဖြစ်ပါတယ်။
"ကိုဗစ်ရောဂါလက္ခဏာမပြတဲ့ သူတွေမှာပါ အချက်ပြတယ်ဆိုတာကို အခုမှသိရှိခဲ့ရပါတယ်"လို့ သုတေသီတွေက ဆိုပါတယ်။

အခုလက်ရှိကတော့ ဒီနည်းပညာက နာရီဝတ်ဆင်ထားသူတွေရဲ့ နှလုံးခုန်နှုန်းကိုပဲ အဓိကမူတည်ပြီး တိုင်းတာထားတာဖြစ်ကြောင်း စတန်းဖို့ဒ်ဆေးပညာတက္ကသိုလ်မှ မိုက်ကယ်စနိုက်ဒါက ပြောကြားသွားပါတယ်။

လက်ပတ်နာရီထုတ်လုပ်တဲ့သူတွေအနေနဲ့လည်း အချက်အလက်တိုင်းတာမှု တိကျမှုနှုန်းမြင့်မားတဲ့ အခြားပစ္စည်းအသုံးအဆောင်တွေကို ထုတ်လုပ်ပေးဖို့  မျှော်လင့်ကြောင်း ဆိုပါတယ်
သွားလာလှုပ်ရှားခြင်း၊ အရက်သေစာလွန်ကျူးခြင်း၊ အလုပ်ဖိစီးခြင်းနဲ့ စိတ်ဖိစီးခြင်းတွေ ကြုံတွေ့တဲ့အခါမှာလည်း အချက်ပြလာမှာဖြစ်ပါတယ်။

ဒါကြောင့် ဒီလိုအချက်ပေးချက်ကြောင့် နာရီဝတ်ဆင်ထားသူတွေ သတိထားနိုင်မှာဖြစ်ပါတယ်။နှလုံးခုန်နှုန်းပြောင်းလဲတာမျိုး၊ အသက်ရှူနှုန်းပြောင်းလဲတာမျိုး၊ ကိုယ်အပူချိန်အပြောင်းအလဲတွေနဲ့ အောက်ဆီဂျင်ပမာဏပြောင်းလဲမှုတွေဖြစ်လာရင် လက်ပတ်နာရီက သတင်းပို့နေမှာဖြစ်တာကြောင့် ကိုဗစ်ရောဂါပိုးနဲ့ တခြားကျန်းမာရေးအခြေအနေကို ခွဲခြားသိရှိနိုင်မှာဖြစ်ပါတယ်။

အခုအချိန်မှာတော့ စမ်းသပ်လေ့လာနေဆဲဖြစ်ကာ မကြာခင်မှာ FDA အသိအမှတ်ပြုပြီး ခေတ်စားလာတော့မှာဖြစ်ကြောင်း စနိုက်ဒါက ပြောကြားသွားပါတယ်။

Source: Reuters