#WorldHealth

Published - 3 December 2021

၆ လအတွင်း ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး အပြည့်ထိုးထားသူတွေဟာ အိုမီခရွန်မျိုးဗီဇကွဲကို ကာကွယ်ပေးနိုင်ချေရှိကြောင်း အစ္စရေးလ်ကျန်းမာရေးဝန်ကြီး နစ်ဇန်ဟော်ရိုဝစ်ဇ်က အင်္ဂါနေ့ကပြောလိုက်ပါတယ်။

အစ္စရေးလ်နိုင်ငံမှာ နောက်ထပ် အိုမီခရွန်ကူးစက်သူ ၂ ယောက်တွေ့ရှိခဲ့ရာ စုစုပေါင်း ၄ ယောက်ရှိနေပြီဖြစ်ပါတယ်။"လာမယ့်ရက်တွေမှာ အိုမီခရွန်နဲ့ပတ်သက်ပြီး ကာကွယ်ဆေးတွေ ဘယ်လောက်အထိ ထိရောက်မှုရှိကြောင်း တိတိကျကျသိရတော့မှာပါ။

ကာကွယ်ဆေးအာနိသင် ကျန်နေသေးတဲ့သူတွေနဲ့ booster အားမြှင့်ကာကွယ်ဆေး ထိုးထားတဲ့သူတွေဟာ ဒီမျိုးဗီဇကွဲအန္တရာယ်မှ ကာကွယ်ပေးနိုင်ချေရှိကြောင်း အချက်အလက်တွေအရသိနိုင်ပါတယ်"လို့ ဟော်ရိုဝစ်ဇ်က ဆိုပါတယ်။

"ကာကွယ်ဆေးထိုးထားဖို့က အခုအချိန်မှာ အတော်အရေးကြီးပါတယ်။ ကာကွယ်ဆေးမထိုးထားဘဲနဲ့ ဒီမျိုးဗီဇကွဲထိတွေ့ခဲ့မယ်ဆိုရင် မလိုလားအပ်တဲ့အန္တရာယ်တွေ တွေ့ကြုံနိုင်ပါတယ်"လို့ ဆိုပါတယ်။

ဖိုင်ဇာကာကွယ်ဆေးရဲ့ အိုမီခရွန်မျိုးဗီဇကွဲအန္တရာယ်မှ ကာကွယ်ပေးနိုင်စွမ်းဟာ ဒယ်လ်တာမျိုးဗီဇကွဲ ကာကွယ်ပေးနိုင်စွမ်းထက် အနည်းငယ်သာ လျော့နည်းပါတယ်။ ဖိုင်ဇာကာကွယ်ဆေးက ဒယ်လ်တာမျိုးဗီဇကွဲကို ၉၅ ရာခိုင်နှုန်းပေးနိုင်ပြီး အိုမီခရွန်ကို ၉၀ ရာခိုင်နှုန်းကာကွယ်ပေးနိုင်တယ်လို့ Channel 12 က တင်ဆက်ထားပါတယ်။ အိုမီခရွန်က ဒယ်လ်တာထက် ပိုမိုကူးစက်နိုင်ပေမယ့် သိပ်ပြီးစိုးရိမ် စရာမရှိဘူးလို့ ဖော်ပြထားပါတယ်။

ကာကွယ်ဆေးမထိုးထားတဲ့သူတွေက ရောဂါလက္ခဏာပြင်းထန်နိုင်ချေ ၂ ဆခွဲနီးပါးပိုများကြောင်းလည်း တွေ့ရှိရပါတယ်။ကိုရိုနာကာကွယ်ဆေးရဲ့ ထိရောက်နိုင်စွမ်းကို တောင်အာဖရိကနိုင်ငံဆီ မျှဝေအကြံပေးဖို့ မျှော်မှန်းထားပေမယ့် သတင်းအချက်အလက်တော့ မရရှိသေးပါဘူး။

"သိရသလောက်က ကာကွယ်ဆေးထိုးထားတဲ့သူတွေက ရောဂါမပြင်းထန်ပါဘူး။ ဒါပေမဲ့ ဒါကအစောပိုင်းသိရတာပဲ ရှိပါသေးတယ်"လို့ ပြည်သူ့ကျန်းမာရေးဌာနမှ ဒေါက်တာရှရွန်အယ်လ်ရွိင်ပရစ်က ဆိုပါတယ်။အိုမီခရွန်ကူးစက်ခံရသူတွေနဲ့ ထိတွေ့ထားတဲ့သူတွေရော သံသယရှိသူတွေကိုပါ ခြေရာခံစောင့်ကြည့်ဖို့ အစ္စရေးလ်လုံခြုံရေးအေဂျင်စီအဖွဲ့ ရှင်ဘတ်နည်းပညာကို လိုအပ်ကြောင်း အယ်လ်ရွိင် ပရစ်က ဆိုပါတယ်။

"ရှင်ဘတ်နည်းစနစ်ကိုအသုံးပြုပြီး ရောဂါကူးစက်မှုကွင်းဆက်ကို ရှာဖွေဖြတ်တောက်ရမှာဖြစ်ပါတယ်။ အခုအချိန်မှာ ကာကွယ်ဆေးထိုးဖို့ တွန်းအားဖြစ်လာပြီး ပြည်သူလူထုတွေ ကာကွယ်စိတ်ချရဖို့ လိုပါတယ်"လို့ ပြောသွားပါတယ်။

အစ္စရေးလ်မှာ ရောဂါပိုးကို ထိန်းချုပ်ထားပြီး စိုးရိမ်ပျာယာခတ်နေစရာ မလိုကြောင်း ဟော်ရိုဝစ်ဇ်က ထပ်မံပြောကြားထားပါတယ်။

Source: The Jerusalem Post