#WorldHealth

Published  - 2 December 2021

ဖိုင်ဇာကုမ္ပဏီကထုတ်တဲ့ ကိုဗစ်ရောဂါကုသရေးသောက်ဆေးဟာ အိုမီခရွန်မျိုးဗီဇကွဲ ကူးစက်ခံထားရတဲ့လူနာတွေမှာ ထိရောက်စွာကုသပေးနိုင်မယ်လို့ ယုံကြည်ကြောင်း ဖိုင်ဇာကုမ္ပဏီရဲ့ အမှုဆောင်အရာရှိချုပ် အယ်လ်ဘတ်ဘိုလာက ပြောကြားသွားပါတယ်။

"ကျွန်တော်တို့ရဲ့ဆေးဟာ အိုမီခရွန်အပါအဝင် တခြားမျိုးဗီဇကွဲတွေကိုလည်း ကုသနိုင်မယ်လို့ တကယ်ကိုယုံကြည်ထားပါတယ်။ ဆေးယဉ်ပါးလာနိုင်မယ့် အခြေအနေတွေအတွက်လည်း ဆေးဝါးတွေဆက်လက် စမ်းသပ်ထုတ်လုပ်နေပါတယ်"လို့ ဘိုလာက CNBC သတင်းမှာ ပြောကြားသွားပါတယ်။

ဗိုင်းရပ်စ်ဘယ်လိုပဲသန္ဓေပြောင်းပြောင်း ဖိုင်ဇာရဲ့ဆေးက ထိရောက်စွာကုသနိုင်အောင် ထုတ်ဖော်ထားကြောင်း ဘိုလာကဆိုပါတယ်။ဒီသောက်ဆေးဟာ ဗိုင်းရပ်စ်ကို တိုက်ရိုက်တိုက်ခိုက်တာမဟုတ်ဘဲ ဗိုင်းရပ်စ်ပွားရာမှာ အရေးပါတဲ့ အင်ဇိုင်းတစ်မျိုးကို တားဆီးလိုက်တာဖြစ်ပါတယ်။

ကိုဗစ်ရောဂါအပျော့စားမှ အလယ်အလတ်အထိ ကူးစက်ခံနေရသူတွေမှာ ဖိုင်ဇာကိုဗစ်ကုသရေးသောက်ဆေးကို အသုံးပြုခွင့်ပေးဖို့ ဖိုင်ဇာကုမ္ပဏီက နိုဝင်ဘာ ၁၇ ရက်နေ့မှာ FDA အဖွဲ့အစည်းထံမှ ခွင့်ပြုချက်တောင်းဆိုထားပါတယ်။

ဖိုင်ဇာက သူတို့ရဲ့သောက်ဆေးကို ပက်စ်လိုဗစ် (Paxlovid)လို့ အမှတ်တံဆိပ်ပြုထားပြီး လူနာ ၇၇၄ ဦးမှာ ဆေးရုံတက်ကုသရမှုနဲ့ အသက်သေဆုံးမှုကို ၈၉ ရာခိုင်နှုန်းအထိ လျှော့ချနိုင်ထားပါတယ်။

အိုမီခရွန်မျိုးဗီဇကွဲကြောင့် ဘယ်လောက်အထိ ရောဂါဆိုးရွားနိုင်သလဲဆိုတာကို သိပ္ပံပညာရှင်တွေ အတည်မပြုနိုင်သေးပါဘူး။အိုမီခရွန်မျိုးဗီဇကွဲဟာ တောင်အာဖရိကနိုင်ငံမှာ စတင်တွေ့ရှိခဲ့ပြီး အလျင်အမြန်ပျံ့ပွားခဲ့ပါတယ်။

အိုမီခရွန်ကို ဩစတြေးလျ၊ ဘယ်လ်ဂျီယံ၊ ဘော့စ်ဝါနာ၊ ဗြိတိန်၊ ဒိန်းမတ်၊ ဂျာမနီ၊ ဟောင်ကောင်၊ အစ္စရေးလ်၊ အီတလီ၊ နယ်သာလန်၊ ပြင်သစ်၊ ကနေဒါနဲ့ တောင်အာဖရိကနိုင်ငံတွေမှာ တွေ့ရှိထားကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြထားပါတယ်။

ကိုဗစ်ကုသရေးသောက်ဆေးကို ဖိုင်ဇာကုမ္ပဏီတစ်ခုတည်းကပဲ ထုတ်လုပ်နေတာမဟုတ်ပါဘူး။မာ့ခ်ကုမ္ပဏီကလည်း သူတို့ရဲ့ဆေးကို FDA အသိအမှတ်ပြုပေးဖို့ တောင်းဆိုထားပါတယ်။မာ့ခ်ကုမ္ပဏီကထုတ်လုပ်တဲ့ ဆေးကတော့ ရောဂါအပျော့စားမှ အလယ်အလတ်အထိ ခံစားရသူတွေမှာ ဆေးရုံတက်ကုသရမှုနဲ့ သေဆုံးမှုနှုန်းကို တဝက်အထိလျှော့ချနိုင်ကြောင်း စမ်းသပ်တွေ့ရှိထားပါတယ်။

Source: Insider