#WorldHealth

Published  - 2 December 2021

တောင်အာဖရိကမှာ စတင်တွေ့ရှိခဲ့တဲ့ အိုမီခရွန်မျိုးဗီဇကွဲ ကိုရိုနာဗိုင်းရပ်စ်ဟာ ရှုပ်ထွေးတဲ့သန္ဓေပြောင်းလဲမှုတွေ ဖြစ်ပေါ်နေပြီး ၄ ပတ်မတိုင်ခင်မှာပဲ တောင်အာဖရိကတစ်နိုင်ငံလုံးမှာ ကူးစက်ပျံ့နှံခဲ့ပြီဖြစ်ပါတယ်။

ဗုဒ္ဓဟူးနေ့က အိုမီခရွန်ကို နောက်ဆုံးတွေ့ရှိခဲ့တဲ့နိုင်ငံကတော့ အမေရိကန်နိုင်ငံဖြစ်ပြီး နိုင်ငံအတွင်းဖြတ်သန်းဝင်ရောက်တဲ့နေရာတစ်ခုမှာ တွေ့ရှိခဲ့ပါတယ်။အမေရိကန်က ပထမဆုံးအိုမီခရွန်မျိုးဗီဇကွဲတွေ့ရှိခဲ့တဲ့သူက ကယ်လီဖိုးနီးယားဒေသကလူဖြစ်ပြီး ကာကွယ်ဆေးအပြည့်ထိုးထားသူလည်းဖြစ်ပါတယ်။

ထိုလူဟာ နိုဝင်ဘာ ၂၂ ရက်နေ့က တောင်အာဖရိကမှ အမေရိကန်သို့ ပြန်ရောက်လာပြီးနောက် ၇ ရက်အကြာမှာ ရောဂါပိုးတွေ့ရှိခဲ့ပါတယ်။အဲဒီလူဟာ ကိုဗစ်ရောဂါအပျော့စားခံစားနေရပြီး သီးခြားကွာရန်တင်းထားရှိထားကြောင်း အမေရိကန်ကူးစက်ရောဂါထိန်းချုပ်ရေး ထိပ်သီးအရာရှိ ဒေါက်တာအန်သိုနီဖော့ချီက အိမ်ဖြူတော်မှာ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

အိုမီခရွန်စတင်ဖြစ်ပွားခဲ့တဲ့ တောင်အာဖရိကမှ ရောက်လာတဲ့ခရီးသွားဧည့်သည်တွေရဲ့ အမည်စာရင်းတွေကို ပေးအပ်ဖို့ အမေရိကန်ရှိလေကြောင်းလိုင်းတွေကို အင်္ဂါနေ့က တောင်းဆိုထားပါတယ်။

မျိုးဗီဇကွဲအသစ်ကို စပိန်၊ ကနေဒါ၊ ဗြိတိန်၊ ဩစတြီးယား၊ ပေါ်တူဂီနိုင်ငံများအပါအဝင် နိုင်ငံပေါင်း ၂၀ ကျော်မှာ တွေ့ရှိထားပါတယ်။ယူအေအီးနိုင်ငံမှာလည်း အိုမီခရွန်ကို ဗုဒ္ဓဟူးနေ့က စတင်တွေ့ရှိခဲ့ပြီး ဆော်ဒီအာရေဗျနိုင်ငံပြီးရင် အိုမီခရွန်ကိုတွေ့ရှိထားတဲ့ ဒုတိယမြောက်ပင်လယ်ကွေ့နိုင်ငံဖြစ်လာပါတယ်။

အိုမီခရွန်မျိုးဗီဇကွဲအသစ်က အရင်မျိုးဗီဇကွဲတွေထက် ပိုပြီးကူးစက်နိုင်ချေရှိတယ်လို့ ယူဆထားကြပါတယ်။ကပ်ရောဂါကြောင့် စီးပွားရေးကျဆင်းမှုတွေဖြစ်ပေါ်ခဲ့ပြီးနောက် အနည်းငယ်နလန်ထူလာတဲ့အချိန်မှာ အိုမီခရွန်ကြောင့် ထိန်းချုပ်ကန့်သတ်ချက်တွေ ထုတ်ပြန်ရမယ်ဆိုပါက စီးပွားရေးအခြေအနေတွေ ထပ်မံထိခိုက်မှာကို စိုးရိမ်နေကြပါတယ်။

တောင်အာဖရိကနိုင်ငံက အမျိုးသားကူးစက်ရောဂါထိန်းချုပ်ရေးအဖွဲ့အစည်း (NICD) ရဲ့ ဖော်ပြချက်အရ အိုမီခရွန်က ခန္ဓာကိုယ်ခုခံအားစနစ်အချို့ကို ဖြတ်သန်းနိုင်တယ်ဆိုပေမယ့် လက်ရှိကာကွယ်ဆေးတွေက ရောဂါပြင်းထန်စွာခံစားရမှုနဲ့ အသက်သေဆုံးမှုတို့ကို ကာကွယ်ပေးနိုင်ဆဲဖြစ်တယ်လို့ အကြံပြုထားပါတယ်။

ပြီးခဲ့တဲ့လအတွင်း တွေ့ရှိခဲ့တဲ့ ဗိုင်းရပ်စ်မျိုးဗီဇကွဲပြောင်းလဲမှုတွေရဲ့ ၇၄ ရာခိုင်နှုန်းက အိုမီခရွန်မျိုးဗီဇကွဲအသစ်ဖြစ်ကြောင်း တွေ့ရှိရပါတယ်။တောင်အာဖရိကနိုင်ငံမှာ အင်္ဂါနေ့နဲ့ ဗုဒ္ဓဟူးနေ့အတွင်း ကိုဗစ်ရောဂါကူးစက်မှု ၂ ဆ အထိမြင့်တက်သွားခဲ့ပါတယ်။

ဖိုင်ဇာကုမ္ပဏီနဲ့ ကာကွယ်ဆေးပူးပေါင်းထုတ်လုပ်နေတဲ့ ဘိုင်အိုအင်န်တက်ခ်ကုမ္ပဏီက သူတိုရဲ့ကာကွယ်ဆေးဟာ အိုမီခရွန်ကူးစက်ခံရတဲ့လူနာတွေမှာ ရောဂါပြင်းထန်စွာခံစားရမှုကို ကာကွယ်ပေးနိုင်မှာဖြစ်ကြောင်း ဆိုပါတယ်။

Source: Reuters