#WorldHealth

Published  - 2 December 2021 

ကိုဗစ်ရောဂါပိုး ကူးစက်ခံထားရတဲ့ ကိုယ်ဝန်ဆောင်မိခင်တွေမှာ ရောဂါပိုးဟာ သန္ဓေသားလောင်းနဲ့ တွယ်ဆက်ထားတဲ့သားအိမ်အချင်းဆီကို ကူးစက်သွားနိုင်ပြီး ကလေးအသေမွေးလာနိုင်တယ်လို့ ဆမ်ဆန်အာဆူတာအက်ရှ်ဒေါ့ဆေးရုံတက္ကသိုလ်မှ သုတေသီတွေက လေ့လာတွေ့ရှိခဲ့ပါတယ်။

ကလေးအသေမွေးတဲ့ကိစ္စအချို့မှာ သန္ဓေသားမှာတွေ့ရတဲ့ ဗိုင်းရပ်စ်ပိုးပမာဏဟာ ရောဂါကူးစက်ခံထားရတဲ့မိခင်ထက်တောင် ပိုများနေတာကို တွေ့ရှိခဲ့ကြပါတယ်။

ကလေးအသေအားလုံးမှာ အချင်းတစ်ရှူးတွေ ထိခိုက်ထားတာကို တွေ့ရှိရပါတယ်။ အာဆူတာဆေးရုံရဲ့ သားဖွားမီးယပ်အာထရာဆောင်းဌာနမှ ပရော်ဖက်ဆာအီရန်ဘာဇီလေက ဦးဆောင်လေ့လာခဲ့ခြင်းဖြစ်ပါတယ်။

နိုင်ငံအသီးသီးမှာ ပြုလုပ်ခဲ့တဲ့ လေ့လာသုံးသပ်ချက်တွေအရ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရတဲ့ မိခင်တွေ ကလေးအသေမွေးနိုင်တဲ့ ဖြစ်နိုင်ချေက ကိုရိုနာမကူးစက်ထားတဲ့ မိခင်တွေထက် နှစ်ဆလောက်ပိုများနေပါတယ်။

အက်ဆူတာဆေးရုံမှ ဗိုင်းရပ်စ်ပိုးကူးစက်ခံထားရပြီး ကလေးအသေမွေးခဲ့တဲ့ မိခင် ၄ ဦးကို လေ့လာစစ်ဆေးခဲ့ကြပါတယ်။သူတို့ရဲ့ အချင်းကို ရောဂါရှာဖွေစစ်ဆေးခဲ့ပြီး ကလေးမိခင်၊ သန္ဓေသားနဲ့ အချင်းတို့ကို PCR test စစ်ဆေးခဲ့ကြပါတယ်။

ထို ၄ ဦးစလုံးမှာ အချင်းရော သန္ဓေသားမှာပါ ဗိုင်းရပ်စ်ကူးစက်နေပြီး သားအိမ်အချင်းတစ်ရှူးတွေလည်း ထိခိုက်ထားတာကြောင့် ဒါဟာ ကလေးအသေမွေးလာရတဲ့ အကြောင်းအရင်းဖြစ်မယ်လို့ ယူဆထားကြပါတယ်။

"ကိုယ်ဝန်ဆောင်မိခင်က ရောဂါပိုးတစ်ခုခုကူးစက်တဲ့အခါ သန္ဓေသားလောင်းဆီကိုလည်း ရောဂါပိုးအမျိုးမျိုးကူးစက်စေနိုင်ပါတယ်။ ဒါပေမဲ့ဒီလိုမျိုး အချင်းကိုထိခိုက်စေတဲ့ဗိုင်းရပ်စ်တော့ မတွေ့ဖူးပါဘူး။ ကိုရိုနာဗိုင်းရပ်စ်က တမူထူးခြားနေပါတယ်"လို့ ပရော်ဖက်ဆာဘာဇီလေက ဆိုပါတယ်။

ကိုယ်ဝန်ဆောင်မိခင်က ကိုရိုနာဗိုင်းရပ်စ်အနည်းငယ်သာ ကူးစက်ခံရပြီး ရောဂါလက္ခဏာအနည်းငယ်သာ ခံစားရတယ်ဆိုရင်တောင် သားအိမ်အချင်းမှာတော့ ဗိုင်းရပ်စ်တွေအများကြီးရှိနေပါတယ်။

ကလေးအသေမွေးခဲ့တဲ့ မိခင်တွေရဲ့အချင်းမှာ ကိုရိုနာဗိုင်းရပ်စ်တွေ့ရှိခဲ့ပေမယ့် ကိုဗစ်ရောဂါခံစားနေရပြီး ကလေးအသက်မသေခဲ့တဲ့မိခင်တွေရဲ့ အချင်းမှာတော့ ဗိုင်းရပ်စ်တွေရှိမနေတာကို တွေ့ခဲ့ကြပါတယ်။

သားအိမ်အချင်းကို ဗိုင်းရပ်စ်ပိုးကူးစက်လို့ ကလေးအသေမွေးရဖြစ်ကြောင်း ဘာဇီလေက ရှင်းပြထားပါတယ်။ကလေးအသေမွေးခဲ့တဲ့ မိခင်တွေတစ်ယောက်မှ ကာကွယ်ဆေးမထိုးထားဘူးလို့ သိရပါတယ်။ကလေးအသေမွေးခြင်းက အလွန်ဖြစ်ခဲတယ်ဆိုပေမယ့် ကိုယ်ဝန်ဆောင်ချိန် တတိယကာလအတွင်း မိခင်တွေမှာ ကိုဗစ်ရောဂါပြင်းထန်စွာခံစားရနိုင်ကြောင်း ဘာဇီလေက ပြောကြားထားပါတယ်။

ကိုဗစ်ကာကွယ်ဆေးထိုးလိုက်တဲ့ ကိုယ်ဝန်ဆောင်မိခင်တွေက မွေးလာမယ့်ကလေးတွေဟာ ရောဂါခုခံနိုင်စွမ်းရလာနိုင်တယ်လို့ တွေ့ရှိခဲ့ကြတာကြောင့် ကာကွယ်ဆေးထိုးကြဖို့ အကြံပြုထားပါတယ်။

Source: The Jerusalem Post