#WorldHealth

Published- 30 November 2021

ကိုရိုနာဗိုင်းရပ်စ်မျိုးဗီဇကွဲအသစ်ဖြစ်တဲ့ အိုမီခရွန်ဟာ အစောပိုင်းတွေ့ရှိချက်တွေအရ သန္ဓေပြောင်းလဲမှုတွေဖြစ်ပေါ်နေပြီး ရောဂါပြင်းထန်စွာခံစားရမှုတွေ ဖြစ်နိုင်တာကြောင့် ကမ္ဘာတဝန်းမှာ အလွန်အန္တရာယ်များလာနိုင်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အစည်း WHO က တနင်္လာနေ့မှာ သတိပေးထားပါတယ်။

မျိုးဗီဇကွဲအသစ်ကို လွန်ခဲ့တဲ့ရက်အနည်းငယ်ကမှ တောင်အာဖရိကမှာ စတင်တွေ့ရှိခဲ့ပေမယ့်လည်း ကုလသမဂ္ဂကျန်းမာရေးအေဂျင်စီမှ အဖွဲ့ ဝင်နိုင်ငံတွေဆီ ပေးပို့ထားတဲ့ အကဲဖြတ်သုံးသပ်ချက်တွေမှာ WHO ရဲ့ ပြင်းပြင်းထန်ထန် သတိပေးချက်တွေ ပါဝင်ဖော်ပြထားပါတယ်။

အိုမီခရွန်မျိုးဗီဇကွဲကို တွေ့ရှိကြောင်း သတင်းတင်ပို့ ထားတဲ့နိုင်ငံတွေ ကမ္ဘာတဝန်းမှာ များပြားလာပြီး လတ်တလောမှာတော့ လော့ဒေါင်းချ ကန့်သတ်ချက်တွေနဲ့ လက်ဦးအောင်ဆောင်ရွက်နေကြပါတယ်။

သိပ္ပံပညာရှင်တွေက သန္ဓေဆင့်ကဲပြောင်းလာတဲ့ ဒီမျိုးဗီဇကွဲအသစ်ဟာ ဘယ်လောက်အထိအန္တရာယ်ပေးနိုင်ကြောင်း ရှာဖွေဖော်ထုတ်နေကြပါတယ်။ဂျပန်နိုင်ငံနဲ့ အစ္စရေးလ်နိုင်ငံတို့က ပြည်ပမှဝင်ရောက်လာမယ့်သူတွေအားလုံးကို ဝင်ခွင့်ပိတ်ပင်ထားကြပါတယ်။

မော်ရိုကိုနိုင်ငံက လေကြောင်းလိုင်းအဝင် အားလုံးကို ပိတ်ပင်ထားပါတယ်။ အမေရိကန်၊ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေ အပါအဝင် တခြားနိုင်ငံတွေမှာလည်း တောင်အာဖရိကမှ ရောက်လာတဲ့ခရီးသည်တွေကို ဝင်ခွင့်တားမြစ်ထားပါတယ်။

Source: AP News