#WorldHealth

Published 30 November 2021

တရုတ်နိုင်ငံမှာ ကိုဗစ်စည်းကမ်းထိန်းသိမ်းချက်တွေနဲ့ ခရီးသွားလာခွင့်ကန့်သတ်ချက်တွေကို ဖြေလျှော့လိုက်ပါက နေ့စဉ်ကိုဗစ်ကူးစက်မှု ၆၃၀၀၀၀ ကျော် ရှိလာနိုင်ကြောင်း ပီကင်းတက္ကသိုလ်မှ ကျွမ်းကျင်သူများက တွက်ချက်သုံးသပ်ပြလိုက်ပါတယ်။

တရုတ်နိုင်ငံ ရောဂါထိန်းချုပ်ကာကွယ်ရေးစင်တာရဲ့ ဖော်ပြချက်အရ ရောဂါကုသနိုင်မှုနဲ့ ကာကွယ်ဆေးတွေမှာ ထိထိရောက်ရောက် မလုပ်ဆောင်နိုင်သေးဘဲနဲ့ တရုတ်နိုင်ငံမှာ ခရီးသွားလာခွင့်ကန့်သတ်ချက်တွေကို ဖြေလျှော့ခြင်းမျိုး မပြုလုပ်သင့်ကြောင်း ကျွမ်းကျင်သူတွေက တွက်ချက်ပြထားပါတယ်။

အမေရိကန်၊ ဗြိတိန်၊ စပိန်၊ ပြင်သစ်နဲ့ အစ္စရေးလ်နိုင်ငံတွေမှာလိုမျိုး ရောဂါထိန်းချုပ်မှုစနစ်ကို တရုတ်နိုင်ငံမှာ လုပ်ဆောင်ပါက ဖြစ်လာနိုင်တဲ့အကျိုးဆက်တွေကို ချပြထားပါတယ်။ အမေရိကန်ရဲ့ ရောဂါထိန်းချုပ်မှုပုံစံအတိုင်း တရုတ်မှာလိုက်လုပ်ပါက ရောဂါကူးစက်မှုပေါင်း ၆၃၀၀၀၀ ကျော် ရှိလာနိုင်ကြောင်း ဖော်ပြထားပါတယ်။

ဗြိတိန်နိုင်ငံရဲ့ ရောဂါထိန်းချုပ်မှုပုံစံအတိုင်း လိုက်လုပ်ပါက နေ့စဉ်ကူးစက်မှု ၂၇၅၀၀၀  ကျော်ရှိလာမည်ဖြစ်ပြီး ပြင်သစ်နိုင်ငံအတိုင်းလိုက်လုပ်ပါက ၄၅၀၀၀၀ ကျော် ရောဂါကူးစက်မှုဖြစ်ပွားလာမှာဖြစ်ကြောင်း ဖော်ပြထားပါတယ်။

အဲဒီလိုမျိုး ရောဂါပျံ့ပွားမှုကြီး ဖြစ်လာပါက ကျန်းမာရေးအဖွဲ့အစည်းတွေအတွက်လည်း မနိုင်ဝန်ထမ်းရသလို ဖြစ်လာမှာဖြစ်ကြောင်း ခန့်မှန်းထားပါတယ်။ အချို့အနောက်တိုင်းနိုင်ငံတွေကထုတ်တဲ့ ကာကွယ်ဆေးတွေကရတဲ့ ခုခံအားကိုပဲအားကိုးပြီး ခရီးသွားလာခွင့်တွေ ဖွင့်ပေးဖို့ အဆင်မပြေသေးကြောင်း သတိပေးထားပါတယ်။

ကျွမ်းကျင်သူတွေကတော့ ဒီအချက်အလက်တွေဟာ ရိုးရိုးသင်္ချာနည်းအတိုင်းသာ တွက်ချက်ထားတာဖြစ်ပြီး ရောဂါပိုးဆင့်ကဲပြောင်းလဲမှုတွေကိုလည်း ထည့်သွင်းစဉ်းစားဖို ဒီထက်လေ့လာမှုတွေလိုသေးကြောင်း သတိပေးသွားပါတယ်။

တရုတ်နိုင်ငံမှာ ကိုဗစ်ရောဂါနဲ့ပတ်သက်ပြီး တင်းတင်းကျပ်ကျပ် ကန့်သတ်ထိန်းချုပ်ထားခဲ့ပါတယ်။ရောဂါပိုးတွေ့သူတွေကို ခြေရာခံ ကုသဖိုထက် ရောဂါပိုး ဒီထက်ပိုပြီး ပျံ့ပွားမှုမရှိအောင်ထိန်းသိမ်းဖို့က အရေးကြီးကြောင်း ဆိုပါတယ်။

နိုဝင်ဘာ ၂၆ ရက်နေ့က ရောဂါပိုးတွေ့ရှိသူ ၂၅ ဦးရှိခဲ့ရာမှ ၂၇ ရက်နေ့မှာတော့ ၂၃ ဦးသာ တွေ့ရှိခဲ့ပါတယ်။ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း WHO က တောင်အာဖရိကနိုင်ငံမှာ တွေ့ရှိခဲ့တဲ့ ကိုဗစ်ရောဂါပိုးအသစ်ဟာ ဆင့်ကဲပြောင်းလဲခြင်းတွေများစွာဖြစ်ပေါ်နေပြီး စိုးရိမ်ရတဲ့အနေအထားမှာရှိတာကြောင့် အချို့နိုင်ငံတွေကို ခရီးသွားလာခွင့်တွေပိတ်ပင်ဖို့ တိုက်တွန်းထားပါတယ်။

Source: The Jerusalem Post