#WorldHealth

Published -  30 November 2021

ကိုရိုနာဗိုင်းရပ်စ်အမှုန်လေးတွေကို ပိတ်မိစေကာ တံတွေးထဲရှိ ဗိုင်းရပ်စ်ပမာဏကို ကန့်သတ်ပစ်လိုက်နိုင်မယ့် ပရိုတိန်းတစ်မျိုးပါဝင်တဲ့ ပီကေကို စမ်းသပ်လျက်ရှိပြီး ရောဂါပိုးကူးစက်ခံရသူတွေ စကားပြောတဲ့အခါ အသက်ရှူထုတ်ရှူသွင်းတဲ့အခါ ဒါမှမဟုတ် ချောင်းဆိုးလိုက်တဲ့အခါမှာ ရောဂါပိုးပျံ့ပွားမှုနှုန်းကို လျှော့ချပေးနိုင်မယ်လို့ သုတေသီတွေက ယုံကြည်ထားပါတယ်။

အဲဒီပီကေမှာ ဗိုင်းရပ်စ်တွေဝင်ရောက်စေနိုင်တဲ့ ဆဲလ်မျက်နှာပြင်ပေါ်က ACE2 ပရိုတိန်းအပွားတွေ ပါဝင်ပါတယ်။ရောဂါကူးစက်သူတွေရဲ့ တံတွေးနဲ့ အသားစနမူနာတွေကို ဓာတ်ခွဲခန်းသုံးဖန်ပြွန်ချောင်းဖြင့် စမ်းသပ်ရာ ဗိုင်းရပ်စ်အမှုန်လေးတွေက ပီကေမှာပါဝင်တဲ့ ACE2 receptor တွေကို ချိတ်တွယ်ထားလိုက်ကြပါတယ်။

အဲဒီနောက် အသားစနမူနာထဲမှာ ဗိုင်းရပ်စ်ပါဝင်မှုက ၉၅ ရာခိုင်နှုန်းကျော် နည်းပါးသွားကြောင်း ပန်ဆယ်ဗေးနီးယားတက္ကသိုလ်မှ သုတေသနအဖွဲ့က တင်ပြထားပါတယ်။ အဲဒီပီကေဟာ နဂိုပီကေတွေအတိုင်း အရသာခံစားရပြီး သာမန်အပူချိန်မှာ အချိန်ကြာမြင့်စွာ ထားရှိနိုင်ကာ ပီကေဝါးလိုက်ပါက ACE2 ပရိုတိန်းမော်လီကျူးတွေကို ပျက်စီးစေနိုင်မှာမဟုတ်ဘူးလို့ သုတေသီတွေက ဆိုပါတယ်။

ပီကေအသုံးပြုပြီး တံတွေးထဲက ဗိုင်းရပ်စ်တွေကို လျှော့ချနိုင်ခြင်းဟာ ကာကွယ်ဆေးတွေမှာလည်း အကျိုးသက်ရောက်မှုရှိလာနိုင်ပြီး အထူးသဖြင့် ကာကွယ်ဆေးမရရှိသေးတဲ့နိုင်ငံတွေမှာ အလွန်အသုံးဝင်လာမှာဖြစ်ကြောင်း သုံးသပ်ထားပါတယ်။

Source Reuters