#WorldHealth

Published - 28 November 2021

မာ့ခ်(Merck)ကုမ္ပဏီမှ စမ်းသပ်ထုတ်လုပ်နေတဲ့ ကိုဗစ်ကုသရေးသောက်ဆေးဟာ ဆေးရုံတက်ကုသရမှုနဲ့ အသက်သေဆုံးမှုနှုန်းကို အစောပိုင်းကတင်ပြထားခဲ့သလောက် ထိရောက်စွာကုသနိုင်ခြင်းမရှိကြောင်း သောကြာနေ့က ပြင်ဆင်ပြောကြားလိုက်ပါတယ်။

လူနာ ၁၄၃၃ ဦးမှာ စမ်းသပ်စစ်ဆေးခဲ့ရာ ဆေးရုံတက်ကုသရမှုနဲ့ သေဆုံးမှုနှုန်းကို ၃၀ ရာခိုင်နှုန်းသာ လျှော့ချနိုင်ခဲ့ကြောင်း ပြောလိုက်ပါတယ်။အောက်တိုဘာလမှာ လူနာ ၇၇၅ ဦးကို စမ်းသပ်ခဲ့စဉ်က ၅၀ ရာခိုင်နှုန်းထိရောက်အောင် ကုသနိုင်ခဲ့ပါတယ်။
မာ့ခ်ကုမ္ပဏီရဲ့ ဆေးဝါးထိရောက်မှုကျဆင်းလာခြင်းကြောင့် ဆေးဝယ်ယူမယ့်နိုင်ငံတွေ ဆက်လက်ဝယ်ယူချင်ပါ့မလားဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။

ဖိုင်ဇာက စမ်းသပ်ထုတ်လုပ်နေတဲ့ ပက်ဇ်လိုဗစ်သောက်ဆေးကို လူနာ ၁၂၀၀ မှာစမ်းသပ်ကြည့်ရာ ဆေးရုံတက်ကုသမှုနဲ့ သေဆုံးမှုနှုန်းကို ၈၉ ရာခိုင်နှုန်းလျှော့ချနိုင်ကြောင်း တွေ့ရှိရပါတယ်။

မာ့ခ်ကုမ္ပဏီရဲ့သောက်ဆေးကို အသိအမှတ်ပြုဖို့ ကျွမ်းကျင်ပညာရှင်အဖွဲ့တွေ တွေ့ဆုံဆွေးနွေးမှု မပြုလုပ်ခင်မှာ အခုလိုအချက်အလက်တွေ ချပြလိုက်တာဖြစ်ပါတယ်။
ဆေးသောက်ခြင်းကြောင့် ရရှိလာမယ့်အကျိုးကျေးဇူးတွေက ဆိုးကျိုးထက် သာလွန်နိုင်မလား၊ ပြီးတော့ ဘယ်လိုလူတွေမှာ ဆေးကိုအကန့်အသတ်နဲ့ ခွင့်ပြုသွားမှာလဲဆိုတာတွေကို ဆွေးနွေးဆုံးဖြတ်ပေးဖို့ FDA က တောင်းဆိုထားပါတယ်။

ကိုဗစ်ကုသရေးသောက်ဆေးကြောင့် ဗိုင်းရပ်စ်သန္ဓေပြောင်းခြင်းတွေဖြစ်လာနိုင်တဲ့အပေါ် စိုးရိမ်ပူပန်မှုတွေကို ဘယ်လိုဖြေရှင်းပေးမှာလဲဆိုတဲ့ အကြောင်းအရာတွေကိုလည်း ဆွေးနွေးပေးဖို့ တောင်းဆိုနေပါတယ်။

မာ့ခ်ကုမ္ပဏီကထုတ်တဲ့ မော်နျူပီရာဗီယာနဲ့ ဖိုင်ဇာကထုတ်တဲ့ ပက်ဇ်လိုဗစ်ဆေးတွေဟာ ကိုဗစ်ရောဂါကြောင့် ဆေးရုံတက်ကုသရမှုနဲ့ သေဆုံးမှုကို လျှော့ချပေးနိုင်မှာဖြစ်ပြီး အိမ်မှာအလွယ်တကူသောက်သုံးနိုင်တာကြောင့် ကပ်ရောဂါကိုတိုက်ဖျက်ဖို့ အားကိုးရာဖြစ်လာခဲ့ပါတယ်။ကိုဗစ်ကာကွယ်ဆေးထိုးနှံမှု နည်းပါတဲ့နိုင်ငံတွေမှာလည်း အသုံးဝင်တဲ့ဆေးဖြစ်လာနိုင်ပါတယ်။

Source: Reuters